(ဂ)-State Holders အားလုံးပါဝင်သော ဥပဒေရေးဆွဲရေးအတွက် ဘတ်ဂျက်အလုံအလောက် ချထားပေးနိုင်ခြင်းရှိ၊ မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းများကို ပြန်လည်လေ့လာသုံးသပ် ရပါက လွှတ်တော်အရပ်ရပ်သို့ တင်သွင်းလာသော ဥပဒေကြမ်းများကို လွှတ်တော်ကိုယ်စားလှယ်တော် များကအတည်ပြုပေးရသည့် လုပ်ငန်းဆောင်ရွက်နေရသည်ကို တွေ့ရပါတယ်။ စင်စစ်မှာ ဥပဒေကြမ်း များရေးဆွဲပြင်ဆင်သည့် အပိုင်းနဲ့ ဥပဒေပြုပေးရသည့်အပိုင်း နှစ်ပိုင်းစလုံးတွင် လွှတ်တော် ကိုယ်စားလှယ်တော်များပါဝင်ပါက ပြည်သူ့အတွက် ဥပဒေပြုရေးလုပ်ငန်းဟာ ပြည်သူ့ဘက်က အပြည့်အဝပါဝင်ရာရောက်မည်ဟု ယူဆကြပါတယ်။ ယခုမူ လွှတ်တော်များက ဥပဒေပြုရေးလုပ်ငန်းများကို ပြည်သူတို့အကျိုးအတွက် နှစ် ၅၀ ကြာ ဥပဒေပြုပေးမှုကင်းမဲ့နေခြင်းကြောင့် ယင်းအချက်ကို ဖြည့်ဆည်းပေးရန် ပုံမှန်ထက်ပို၍ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ပြည်သူများအကြားတွင် ယင်းဥပဒေ ပြုရေးလုပ်ငန်းစဉ်ကို နှေးကွေးနေသည်ဟုလည်းကောင်း၊ ထင်သာမြင်သာမရှိ၍ ပြည်သူများ အပြည့်အဝသိရှိခြင်း မရှိဘဲဖြစ်နေခြင်းမှာ ပြည်သူ့အကျိုးကိုဆောင်ရွက်ပေးနိုင်ရန် ပြည်သူ့ဘက်က သဘောထားအမြင်တို့ မပါရှိဘဲ အုပ်ချုပ်ရေးဘက်က အစဉ်အလာတာဝန်ယူခဲ့ကြသောဌာနဆိုင်ရာ များကပါရေးဆွဲနေကြ၍ ဖြစ်သည်ဟုလည်းကောင်း၊ ပြည်သူရွေးချယ်လိုက်သော ကိုယ်စားလှယ်များက ပြည်သူ့ကိုယ်စား ဥပဒေပြုရေးတွင်ပါဝင်ခြင်း မရှိကြ၍လည်းကောင်း ယင်းသို့ဖြစ်နေသည်ဟု ထင်မြင်နေကြပါသည်။ ထို့အတူ နိုင်ငံရေးပါတီများကိုယ်တိုင်ကပင်လျှင် ဥပဒေပြုရေးတွင် နှေးကွေး၍ ပွင့်လင်းမြင်သာမှုအားနည်းနေသည်ကိုခံစားနေရပါတယ်။ သို့ပါ၍ ထို ဥပဒေတစ်ခုပြုမှုသည် ပြီးစီးရန် မည်မျှကြာမည်ကိုခန့်မှန်းမရရှိနေကြပါတယ်။ ယခုအခါ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမား အရေးနှင့် စီးပွားရေးစသည်တို့တွင် ဥပဒေပြုမှုတို့လျင်မြန်စွာပြီးမြောက်ရန် လက်ငင်း နိုင်ငံရေး အနေအထားကတောင်းဆိုနေပြီဖြစ်ပါတယ်။ သို့ပါ၍ ဤသို့သောအနေအထား၊ တောင်းဆိုမှုတို့ကို နည်းလမ်းတကျဖြည့်ဆည်းနိုင်ရန် ယခု ဥပဒေကြမ်းများရေးဆွဲရေးလုပ်ငန်းကို အဓိကဆောင်ရွက် နေသည့် ဌာနဆိုင်ရာများအပြင် ကျွမ်းကျင်ပညာရှင်များ၊ ဥပဒေကျွမ်းကျင်သူများနှင့် လွှတ်တော် ကိုယ်စားလှယ်များအပါအဝင် အားလုံးသော State Holders များပါဝင်စေ၍ ဥပဒေပြုရေး စီမံချက်တစ်ရပ်လုံးအတွက် ဘတ်ဂျက်အလုံအလောက်ချပေးနိုင်ပါက ဥပဒေပြုရေးလျင်မြန်လာမည် ဖြစ်ပြီး ပြည်သူ့အတွက် ပို၍အကျိုးပြုနိုင်မည်ဖြစ်ပါသည်။ သို့ပါ၍ State Holders များ အားလုံးပါဝင်သော ဥပဒေရေးဆွဲရေး၊ ယင်းအတွက် ဘတ်ဂျက်အလုံအလောက် ချထားပေးနိုင်ခြင်း ရှိ၊မရှိ မေးခွန်းပါသည်။