(ဃ)-မိဇံကျေးရွာဒေသအကျိုးပျက်စီးစေမည့် ကိုယ်ကျိုးရှာကုမ္ပဏီအားတားဆီးပေးရန်အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပြီးခဲ့တဲ့ ၂၅ ရက်နေ့က ရွာသားတွေဆီက ကျွန်မထံကို ဖုန်းဆက်လာပါတယ်ရှင်။ ဒီမေးခွန်း နဲ့ပတ်သက်ပြီး ဘာမှထူးခြားမှုမရှိရင် လကုန်မှာဆန္ဒဖော်ထုတ်ပွဲပြုလုပ်မယ်လို့ ပြောကြားလာပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုရက်ပိုင်းမှာ ကုမ္ပဏီကနေ အဆောက်အအုံအခိုင်အမာဆောက်လုပ်ဖို့ သံချောင်းများ သယ်ဆောင်စုပုံလာပြီလို့သိရပါတယ်ရှင်။ အခုလိုမျိုးမေးခွန်းကို အချိန်မီမေးမြန်းခွင့် ရတဲ့အတွက် သက်ဆိုင်ရာကိုကျေးဇူးအထူးတင်ရှိပါကြောင်း ပထမဦးစွာ ပြေကြားလိုပါတယ်ရှင်။ ကျွန်မမေးမြန်းလိုတဲ့မေးခွန်းကတော့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ဘားအံမြို့နယ် မိဇံကျေးရွာ တောင်စွန်းတောင်ကို နိုင်ငံခြားကုမ္ပဏီတစ်ခုဖြစ်တဲ့ ချိုင်းနားမေဟွာ ဟောင်ကောင်ကုမ္ပဏီလီမိတက် ကရောက်ရှိလာပါတယ်။ ကျေးရွာဒေသဖွံ့ဖြိုးရေးအတွက် လမ်းများကောင်းမွန်အောင် လမ်းခင်း ပေးမယ်။ မီးလင်းအောင်ဆောင်ရွက်ပေးမယ်။ ကျေးရွာလူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိအောင် ဖန်တီးပေးမယ်လို့ပြောကြားခဲ့ပါတယ်။ ယခုဒီကုမ္ပဏီရောက်ရှိလာတာ နှစ်နှစ်နီးပါးရှိပြီ ဖြစ်ပါတယ်ရှင်။ ဗမာစကားနားမလည်တဲ့ လူမျိုးခြားလူငယ်များ၊ တခြားဒေသမှ အလုပ်သမားများက တောင်ခြေမှာ အိမ်ခြံမြေတွေငှားပြီးတော့ရောက်ရှိနေကြပါတယ်။ ရွာသားများမှာ ၎င်းတို့၏နေရာကို သွား၍မရတော့ဘဲ တောင်ခြေတစ်ဝိုက်အဝင်လမ်းတွေကို တံခါးပိတ်ထားပါတယ်ရှင်။ သူတို့ကသာ နေ့ရောညပါ ရွာအဝင်လမ်းမှာ သူစိမ်းတွေနဲ့ရောက်ရှိနေကြပါတယ်ရှင်။ ကျေးရွာလမ်းဟာလှည်း၊ ထော်လာဂျီနဲ့ ခရီးသယ်တင်ဆောင်ရန်အတွက် ဟိုင်းလက်ကားများသွားလာရန် အဆင်ပြေဖို့အတွက် ကိုယ့်အားကိုယ်ကိုးဖောက်လုပ်ထားတဲ့ မြေလမ်းသာဖြစ်ပါတယ်ရှင်။ ယခု အခါဒီလမ်းပေါ်မှာ ကျောက်များကိုသယ်ဆောင်တဲ့ ဘက်ဟိုးကားများ၊ ယာဉ်ကြီးယာဉ်ငယ်များသွားလာနေတဲ့အတွက် ပျက်စီးကုန်ပြီဖြစ်ပါတယ်ရှင်။ ကိုယ့်အားကိုယ်ကိုးဆောက်လုပ်ထားတဲ့ တံတားတွေဟာလည်းပဲ ယာဉ်ကြီးယာဉ်ငယ်များကြောင့် ကျိုးကျပျက်စီးကုန်မှာစိုးရိမ်နေကြပါတယ်ရှင်။ ကျောက်ကို မိုင်းခွဲရာမှာလည်းပဲ အလွန်ပြင်းအားကြီးတဲ့ယမ်းများကိုအသုံးပြုတဲ့အတွက် ကျောက်မှာရှိတဲ့ တောင်ကြောတွေအားလုံးဟာ ပြိုကွဲအက်ကြောင်းများပေါ်လာပြီဖြစ်တဲ့အပြင် ဘုရားလေးဆူမှာလည်း ပြိုကျမည်ကို ရွာသားတွေကစိုးရိမ်နေကြပါတယ်ရှင်။ တောင်ရဲ့ချောက်ကမ်းပါးနံဘေးမှာလည်းပဲ ကျောက်များကို အမာခံချထားပြီးတော့ ဆိပ်ကမ်းပြုလုပ်ထားတဲ့အတွက် သင်္ဘောကြီးများဟာ ဒီကျောက်များကို လာရောက်သယ်ဆောင်သွားပါတယ်။ ကမ်းနံဘေးမှာအရွယ်စုံကျောက်များကို စုပုံထားခြင်း၊ နှစ်စဉ်မိုင်းခွဲခြင်းတွေကြောင့် ကိုင်းတောင်သူများဟာ ကိုင်းလုပ်ကိုင်ခွင့်မရှိတော့ ပါဘူးရှင်။ ကျောက်များကိုချထားပြီး ဆိပ်ကမ်းပြုလုပ်ထားသောကြောင့် ရေကြောင်းများဟာလည်း ရွာဘက်ကမ်းခြေတစ်လျှောက် ကမ်းပြိုမှုများဖြစ်လာပါတယ်ရှင်။ ဒေသခံပြည်သူများဟာ တောင်စွန်းတောင်မပျောက်စေရေး၊ တောင်စွန်းတောင်၊ တောင်စွန်းရွာရေတိုက်စားမှုများ ကာကွယ် ပေးရေး ကရင်ပြည်နယ်၏ သဘာဝတောတောင်လယ်မြေများမပျက်စီးရေးအတွက် ကုမ္ပဏီအား တားဆီးပေးပါရန်တင်ပြလာသည့် ဒေသခံပြည်သူများ၏ဆန္ဒအရ ဒေသအကျိုးမပျက်စီးစေရန်နှင့် ကိုယ်ကျိုးရှာထိုကုမ္ပဏီအား တားဆီးပေးရန် အစီအစဉ် ရှိ၊ မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။