(က)-ညောင်ဦးခရိုင်တွင် ကညနရုံး ခွဲတစ်ခု ဖွင့်လှစ်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ယခင် နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ ပုဂံ-ညောင်ဦးကိုမြို့နယ်အဆင့်မှ ခရိုင်အဆင့်သို့ တိုးမြှင့်ပေး ခဲ့ပါသည်။ သို့ပါ၍ ပုဂံ-ညောင်ဦးခရိုင်၊ ပုဂံ-ညောင်ဦးမြို့နယ်ဟူ၍ တစ်ခရိုင်တစ်မြို့ သတ်မှတ် ခဲ့ပြီးနောက် ခရိုင်အဆင့်ဌာနဆိုင်ရာများကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။ ဥပမာပြောရရင် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန၊ ခရိုင်မန်နေဂျာရုံးစသည်ဖြင့် ခရိုင်အဆင့်တိုးချဲ့ဖွင့်လှစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ ကညနရုံးအနေနဲ့ ခရိုင်အဆင့်ရော၊ မြို့နယ်အဆင့်ရောမရှိခဲ့ပါဘူး။ ကညနရုံး ရှိရာ မြင်းခြံကို သက်တမ်းတိုးဖို့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များသွားနေရပါတယ်။ အဲ့ဒီလိုသွားရတဲ့ လောင်စာဆီ အပိုကုန်ကျသွားသည်ကို နည်းနိုင်သမျှနည်းသွားအောင်တင်ပြခြင်းဖြစ် ပါတယ်။ ပုဂံ-ညောင်ဦးခရိုင်မှာ မော်တော်ယာဉ်အကြီးအငယ် ၃၀၀ ခန့်ရှိပါတယ်။ မြင်းခြံခရိုင်သို့ သွားရခြင်းကြောင့် တစ်စီးလျှင်ပျမ်းမျှ အသွားအပြန် ၁၀ ဂါလန်နှုန်း၊ ဆီဂါလန် ၃၀၀၀ ကုန်ကျပါတယ်။ မော်တော်ဆိုင်ကယ် စီးရေတစ်သောင်း ကျော်ရှိတဲ့အခါမှာ တစ်စီးမှာ နှစ်ဂါလန်နှုန်း ကုန်ကျတဲ့အတွက် ဓာတ်ဆီဂါလန် ၂၀၀၀၀၊ စုစုပေါင်းဆီဂါလန် ၂၃၀၀၀ သက်သာသွားနိုင်ပါတယ်။ အကယ်၍ ပုဂံ-ညောင်ဦးခရိုင်မှာ ကညနရုံးရှိပါက မိုင် ၃၀ သာဝေးသော ကျောက်ပန်းတောင်းက မော်တော်ယာဉ် တစ်ထောင်ကျော်ရှိတဲ့နေရာကလည်း ပုဂံ-ညောင်ဦးခရိုင်ကို လာရောက်ပြီးတော့ လျင်မြန်စွာ လုပ်ကိုင် ဆောင်ရွက်သွားနိုင်ပါတယ်။ သို့ပါ၍ လောင်စာဆီ ကုန်ကျမှု သက်သာစေရန် အတွက်လည်းကောင်း၊ ယာဉ်နှင့်လူစသည်ဖြင့် သက်သာစေရန်အတွက်လည်းကောင်း၊ ခရိုင်မြို့ကြီးတစ်မြို့ ဖြစ်သဖြင့် လည်းကောင်း ကညနရုံးခွဲတစ်ခု ဖွင့်လှစ်ရန် လိုအပ်နေပါကြောင်း မေးခွန်းမေးမြန်း လိုပါသည်။ သို့ပါ၍ ပုဂံ-ညောင်ဦးခရိုင်တွင် ကညနရုံးခွဲတစ်ခု ဖွင့်လှစ်ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။