(ခ)-ဆိုင်ကယ်များကို လိုင်စင်ထုတ်ပေးရန်၊ ဥပဒေအရ တရားဝင် စီးနင်းခွင့်ပြုရန်၊ တရားမဝင် သယ်ဆောင်၊ ရောင်းချခြင်းကို ဖမ်းဆီးရန် နှင့် တရားဝင် တင်သွင်းခွင့်နှင့် ရောင်းချခွင့် ပြုပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21

ကျွန်တော်တို့နိုင်ငံမှာ အခြေခံလူတန်းစားအားလုံး သွားလာ ပို့ဆောင်ရေး အတွက် အသုံးပြုနေရတဲ့ မော်တော်ဆိုင်ကယ်ကိစ္စဖြစ်ပါတယ်။ နိုင်ငံတော်အတွင်းမှာရှိတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာ အထူးသဖြင့်ရန်ကုန်မြို့မှာ တရားမဝင်မော်တော်ဆိုင်ကယ် ဝယ်ယူ စီးနင်းသူ များစွာ ရှိနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ သူတို့ဟာ အမှန်တကယ် လိုအပ်ချက်အရ မော်တော်ကား ဝယ်မစီးနိုင်လို့ သွားလာမှု လွယ်ကူဖို့အတွက် ဝယ်ယူစီးနင်းကြခြင်း ဖြစ်ပါတယ်။ သို့သော်လည်း ၎င်းတို့မှာ ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးမည်‌့ရက်၊ နေရာကို စုံစမ်းပြီးတော့ ၎င်းတို့ရဲ့ မော်တော်ဆိုင်ကယ်များကို အသုံးပြုပြီးတော့ တချို့လည်းပဲ နေ့စဉ်လိုလို ဖမ်းဆီးခြင်းခံနေရတာကို တွေ့နေရပါတယ်။ ဒီလိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် ပတ်သက်ပြီးတော့ နိုင်ငံတော်ကလည်း တရားဝင်လိုင်စင် ထုတ်ပေးမှုတွေ လုပ်နေတာကိုတွေ့ရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာလည်း စည်ပင်သာယာနယ်နိမိတ် ပြင်ပမှာသာ စီးနင်းခွင့်ပြုထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ ဒီဆိုင်ကယ်များနှင့်ပတ်သက်လို့ လေ့လာကြည့်တဲ့အခါမှာ တရားမဝင်မော်တော်ဆိုင်ကယ်နှင့် ဘက်ထရီဆိုင်ကယ်များနှင့်ပတ်သက်ပြီး တော့ နယ်စပ်ဒေသကနေ စတင်ပြီးတော့ တရားမဝင် ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒီလို တရားမဝင် သယ်ဆောင်စဉ်မှာ ထိထိ ရောက်ရောက်နဲ့ ဖမ်းဆီးခြင်းမရှိတဲ့ အတွက်ကြောင့် ပြည်တွင်းကိုရောက်ရှိ လာတာဖြစ်ပါတယ်။ ရောက်ရှိလာတဲ့ အခါမှာလည်း ကျွန်တော်တို့ ဒီမေးခွန်းမေးမြန်းတဲ့ ဧပြီလ ၂၀ ရက်နေ့အထိ လားရှိုး၊ မန္တလေး၊ ရန်ကုန်မြို့ကြီးတွေမှာရှိတဲ့ ဆိုင်ကြီးတွေမှာတင်ပြီးတော့ တရားဝင် ရောင်းချနေတာတွေ့ရပါတယ်။ ဒီအဆင့်မှာလည်း ဖမ်းဆီးအရေးယူခြင်းမရှိဘဲနဲ့ ပြည်သူလူထုကနေ အကြောင်းအမျိုးမျိုးကြောင့် ဝယ်ယူ စီးနင်းတဲ့အခါကျမှ ဖမ်းဆီးွခင်းခံရတာကိုတွေ့ရပါတယ်။ ဒီနေရာမှာ ကျွန်တော်မေးလိုတဲ့မေးခွန်းကတော့ (၁) တရားမဝင်စီးနင်းနေတဲ့ မော်တော်ဆိုင်ကယ်များကို တရားဝင်ထုတ်ပေးဖို့အစီအစဉ်ရှိ၊ မရှိ။ ဒါနှင့်ပတ်သက်လို့ လည်း ကျွန်တော် ဒီမေးခွန်းကို မေးမြန်းပြီးတဲ့နောက်မှာ နိုင်ငံတော်ကနေ ၁၉၉၉ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ ခုနစ်ကြိမ် တရားဝင်လိုင်စင်မှတ်ပုံတင်ပြုလုပ်ပေးခဲ့တဲ့အခါမှာ အစီးရေပေါင်း ၁၅၈၇၂၉၂ စီး၊ အခွန်ငွေ ၂၁၀.၈၁ ဘီလီယံရတယ်လို့ မေလ ၃၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပေးပို့ ထားတာတွေ့ရပါတယ်။ (၂) ရန်ကုန်တိုင်းဒေသကြီးကဲ့သို့သော နေရာမျိုးမှာ စည်ပင်သာယာ နယ်နိမိတ်ပြင်ပ အစား မြို့နယ်မဟုတ်တဲ့ ထန်းတပင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံအစရှိတဲ့ မြို့နယ်တွေမှာ ဖြေလျော့ပြီးတော့ ဥပဒေအရ တရားဝင် စီးနင်းခွင့်ပြုဖို့ အစီအစဉ် ရှိ၊ မရှိဖြစ်ပါတယ်။ (၃) တရားမဝင် သယ်ဆောင်လာတဲ့ နယ်စပ်ဒေသတွေမှာ ထိထိရောက်ရောက်နှင့်ဖမ်းဆီးတာတို့ မြို့ကြီးတွေမှာ တရားဝင် ရောင်းချနေတဲ့အချိန်မှာဖမ်းဆီးတာတို့ ဆောင်ရွက်ဖို့အစီအစဉ် ရှိ၊ မရှိ ဖြစ်ပါတယ်။ (၄) နိုင်ငံတော်အနေနဲ့ ဝင်ငွေတိုးပွားရေးအတွက် ဒီ့အပြင် ပြည်သူလူထုအေးချမ်းစွာနဲ့ စီးနိုင်ဖို့အတွက် မော်တော်ဆိုင်ကယ်တွေကို သက်ဆိုင်ရာကုမ္ပဏီများကိုဖြစ်စေ တရားဝင်တင်သွင်းခွင့် ပြုပြီးတော့မှ လိုင်စင် အပါအဝင်တရားဝင် ရောင်းချပေးမယ်ဆိုရင် ယခုလို ပြဿနာတွေမရှိတဲ့ အတွက်ကြောင့် ဒါတွေကိုဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းလေးချက်ဖြစ်ပါတယ်။ ဒီနေရာမှာ ဖြည့်စွက်ပြီးတော့ တင်ပြလိုတာကတော့ လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ မေးခွန်းများကို မေးမြန်းတဲ့အခါမှာ အကြောင်းအရာကိုအခြေခံပြီး မေးမြန်းတာ ဖြစ်ပါတယ်။ ပြန်လည် ဖြေကြားတဲ့ ဝန်ကြီးဌာနအနေနဲ့ တစ်ခါတရံမှာ ဝန်ကြီးဌာနတစ်ခုမဟုတ်ဘဲနဲ့ နှစ်ခုသုံးခုပတ်သက် တတ်တဲ့မေးခွန်းတွေလည်းရှိတတ်ပါတယ်။ ဟိုတစ်နေ့က ဥပမာတင်ပြရရင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဖြေသွားတဲ့အဖြေမှာ မေးတာတော့သူရဲ့ဝန်ကြီးဌာနမေးသော်ငြားလည်း မေးခွန်းမှာ ပတ်သက်နေတဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခြားဝန်ကြီးဌာနများကို ဆက်စပ် ပြီးတော့ တာဝန်ယူပြီးလာဖြေတာတွေ့ရပါတယ်။ ဒီလိုအခါကျတော့ ကျွန်တော်တို့မေးခွန်းမေးမြန်းရတဲ့ ကိုယ်စားလှယ်များအနေနဲ့ ကျေနပ်မှုရရှိပါတယ်။ ဒါကြောင့် မေးခွန်းမေးတဲ့အခါမှာ တချို့ဝန်ကြီးဌာန တစ်ခုတည်း ဖြေတဲ့အခါကျတော့ ကျွန်တော်တို့မှာလည်း အခက်အခဲရှိပါတယ်။ နောက်တစ်ချက် ကတော့ ကျွန်တော်တို့မေးတဲ့မေးခွန်းရဲ့ ထိရောက်မှုရှိတဲ့အဖြေတွေကို ဖြေကြားပေးဖို့ဖြစ်ပါတယ်။ တချို့ဟာတွေက အရင်ကတည်းကရေးထားတော့ မေးခွန်းတွေနဲ့ တလွဲစီဖြစ်တဲ့အဖြေတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကိုဆောင်ရွက်ပေးဖို့တင်ပြ မေးမြန်းအပ်ပါသည်။