(ဂ)-သနပ်ပင်-သက္ကလ-ခရမ်း လမ်းနှင့် ကဝ-အုန်းနှဲရွာလမ်း (၂) လမ်းအား တိုးချဲ့ပေးနိုင်ပါရန် နှင့် စပ်လျဉ်းသည့် မေးခွန်း
ပဲခူး-သနပ်ပင်-သက္ကလ-ခရမ်း-သုံးခွ-သန်လျင်ကားလမ်းဟာ ဒုတိယကမ္ဘာစစ်မဖြစ်ခင်က ရထားလမ်းဖြစ်ပါ တယ်။ အဲဒီရထားလမ်းက သံလမ်းတွေကို သံဖြူဇရပ်-ဘုရားသုံးဆူ ရထားလမ်းဖောက်တဲ့အခါမှာ ဂျပန် တွေက ချွတ်ယူပြီးတော့သွားတဲ့အတွက်ကြောင့် အဲဒီရထားလမ်းဟာ ကားလမ်း ဖြစ်ခဲ့ပါတယ်။ အဲဒီကားလမ်းဟာဆိုလို့ရှိရင် နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါတယ်။ သို့သော်လည်းပဲ ဒီကနေ့အချိန်ထိ ပဲခူးက နေ သနပ်ပင် ကားနှစ်စီး ရှောင်လို့ရပါတယ်။ နောက်တစ်ခါ ခရမ်းကနေပြီးတော့ သန်လျင် ကားနှစ်စီး ရှောင်လို့ရပါတယ်။ ကြားထဲမှာ သနပ်ပင်ကနေပြီးတော့ ခရမ်းအထိ ၃၄ မိုင်က ကားနှစ်စီး ရှောင်လို့မရ ပါဘူး။ ကားတစ်စီး သွားနေလို့ရှိရင် နှစ်စီးရှောင်မယ်ဆိုရင် တစ်စီးကဘေးကို တအားချပြီးတော့ ရပ်ရတယ်။ ရပ်တဲ့အခါကျတော့ အခက်အခဲရှိပါတယ်။ အဲဒါကြောင့်မို့လို့ အဲဒီကားလမ်းကို ကျွန်တော်တို့ နှစ်လမ်းရှောင်လို့ ရအောင်ချဲ့ပေးဖို့။ နောက်တစ်ခါ ကဝမြို့ဟာဆိုလို့ရှိရင် အဲဒီကားလမ်းရဲ့ အုန်းနှဲဆိုတဲ့ ရွာကနေပြီးတော့ ကဝကို ၈ မိုင်ဝင်ရပါတယ်။ အဲဒီ ၈ မိုင်ဝင်တဲ့လမ်းကလည်း အလားတူပဲ ကားနှစ်စီး ရှောင်လို့မရတဲ့ လမ်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီ ၃၄ မိုင်နဲ့ အုန်းနှဲကနေ ကဝကို ဝင်တဲ့ ၈ မိုင် လမ်း ၂ လမ်းကို ကားနှစ်စီး ရှောင်လို့ရအောင် တိုးချဲ့ပေးဖို့ တင်ပြအပ်ပါတယ်။ အဲဒီလို တိုးချဲ့ပေးတဲ့အခါမှာ ဘယ်တော့ လုပ်ပေးမယ်ဆိုတာကိုပါ မေးမြန်းပါသည်။