(ဇ)-အထွေထွေ ရောဂါကုဆေးရုံကြီးတွင် အချုပ်လူနာဆောင်မရှိခြင်းနှင့် သင်ကြားရေး ဆေးရုံကြီးတွင် အခက်အခဲများကြုံတွေ့နေရခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးဟာ မူလတည်ထောင်စဉ်အခါတုန်းက ဒေသဆိုင်ရာ ဆေးရုံတစ်ခုသာ ဖြစ်ပေမယ့် ယခုအခါမှာတော့ ရန်ကုန်ဆေးတက္ကသိုလ်(၂)ရဲ့ သင်ကြားရေး ဆေးရုံကြီး (Teaching Hospital ) ဖြစ်ရုံသာမက ဗဟိုအဆင့်အထွေထွေရောဂါကုဆေးရုံကြီးလည်း ဖြစ်ပါတယ်။ ဒီဆေးရုံကြီးနှင့်ပတ်သက်ပြီးတော့ လိုအပ်ချက်တချို့ကို ကျွန်တော့်အနေနဲ့ တင်ပြ မေးမြန်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ (၁) မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှာ ဗဟိုအဆင့် ဆေးရုံကြီးဖြစ်ပေမယ့် ဗဟိုအဆင့်ဆေးရုံကြီးနဲ့ အင်္ဂါရပ်နဲ့မညီညွတ်တဲ့ အချက်ကတော့ ပင်မမူလ ကုသဆောင်များမှာ ဓာတ်လှေကားတပ်ဆင်မှုမရှိတာ ဖြစ်ပါတယ်။ ပင်မမူလ ကုသဆောင်များဟာ နှစ်ထပ်ဆောင်များဖြစ်ပေမယ့် အပေါ်ထပ်အဆောင်များမှာ သားဖွားဆောင်များရှိပါတယ်။ မြေညီ ထပ်မှာတော့ မီးယပ်ဆောင်များရှိပါတယ်။ ထို့နည်းတူပဲ အပေါ်ထပ်ဆောင်များမှာ ခွဲစိတ်ဆောင်များ ရှိပြီးတော့ အောက်ထပ်မြေညီထပ်မှာလည်း ခွဲစိတ်ဆောင်များရှိပါတယ်။ ခွဲစိတ်ခန်းများကတော့ အပေါ်ထပ်မှာ ရှိပြီးတော့ Emergency Operation Theratre အရေးပေါ်ခွဲစိတ်ခန်းကတော့ အောက်ထပ်မှာရှိတာ ဖြစ်ပါတယ်။ အဲ့ဒီအခြေအနေအရ မှာဆိုရင် ခွဲစိတ်ခန်းဝင်တဲ့လူနာများနှင့် ခွဲစိတ်ခန်းက ထွက်တဲ့လူနာများဟာ Structure များနဲ့ သယ်ဆောင်ပြီးတော့ ရိုးရိုးလှေကားအတိုင်း သယ်ဆောင်ရပါတယ်။ အဲ့လိုလုပ်ဆောင်ရတဲ့အတွက် ဗဟိုအဆင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး ဟာလည်း လူနာအရေအတွက် များပြားတဲ့ ဆေးရုံကြီးဖြစ်တဲ့ အတွက် ဗဟိုအဆင့် ဆေးရုံကြီးရဲ့အင်္ဂါရပ်နဲ့ ညီညွတ်ခြင်းမရှိတဲ့အတွက် ဓာတ်လှေကားတပ်ဆင်ပေးဖို့ လိုအပ်တာကို တင်ပြပါတယ်။ ဒါပထမအချက် ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့  မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ Guard Ward ဆိုတဲ့ အချုပ်ကျလူနာဆောင် မရှိပါဘူး။ အဲ့ဒီတော့ အချုပ်ကျလူနာများကို မကြာခဏ Admission လုပ်ရတာ ရှိပါတယ်။ အဲ့လိုလုပ်တဲ့အခါမှာဆိုရင် အချုပ်ကျလူနာများဟာ လက်ထိပ်ခတ်ရပါတယ်။ တချို့ဟာ ဆိုလို့ရှိရင် လက်ထိပ်တင်မကဘူး။ ခြေထိပ်ပါခတ်ရတဲ့လူနာများရှိပါတယ်။ အဲ့ဒီအချုပ်ကျလူနာ များဟာ သာမန်ပြည်သူလူနာများနဲ့ထားရှိရတဲ့အတွက် ဒါဟာလည်းပဲသင့်တော်ခြင်း မရှိတာကိုတွေ့ရ ပါတယ်။ ဒါကြောင့်မို့လို့ Guard Ward အချုပ်ကျလူနာဆောင် ရန်ကုန်ဆေးရုံကြီးကဲ့သို့ထားရှိ သင့်တာကိုတွေ့ရှိရပါတယ်။ တတိယအချက်အနေနဲ့ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးဟာ လူနာ အရေအတွက်အလွန်များပြားပါတယ်။ အဲ့ဒီမှာ အခု Oxygen Plant ခေါ်တဲ့ Oxygen Central Supply မရှိတာကို တွေ့ရပါတယ်။ အဲ့ဒီတော့ လူနာအလွန်များပြားတဲ့ ဗဟိုအဆင့်ဆေးရုံကြီးမှာ Oxygen လုံလောက်မှု မရှိတာကိုလည်းပဲ တတိယအချက်အနေနဲ့ ကျွန်တော် တင်ပြပါတယ်။ အခု ကျွန်တော်တင်ပြဆွေးနွေးသွားတဲ့ အဓိက လိုအပ်ချက်များ၊ ဗဟိုအဆင့် ဆေးရုံကြီးအင်္ဂါရပ်နဲ့ မညီညွတ်သော အဓိက လိုအပ်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ဖြည့်ဆည်းနိုင်ခြင်း ရှိ၊ မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။