(ဃ)-မောင်းကုန်းကျေးရွာနှင့် မြတောင်ကျေးရွာအုပ်စုတို့အား ၂၄ နာရီ လျှပ်စစ်ဓာတ်အားကို ကိုယ့်အား ကိုယ်ကိုးအစီအစဉ်ဖြင်‌့ စီစဉ်ဆောင်ရွက်ပေးနိုင်ပါရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-21

 

ထီးချိုင့်မြို့နယ်၊ မောင်းကုန်း ကျေးရွာမှာ သတ္တုတွင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ 50 MCC ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်တဲ့ ဖယ်လိုနီကယ်စီမံကိန်းစက်ရုံကြီးကို ၂၀၀၈ ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး ယနေ့ ကာလမှာတော့ ရာနှုန်းပြည့်ပြီးစီးသွားပြီးဖြစ်ပါတယ်။ စက်ရုံကြီးကိုလည်း ရွှေလီရေအားလျှပ်စစ် အမှတ်(၂)ကနေ လျှပ်စစ်မီးသွယ်တန်းရရှိနေပြီဖြစ်တာမို့ စက်ရုံကြီးလည်ပတ်ရေးဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အဆိုပါစက်ရုံကြီး အောင်မြင်စွာတည်ဆောက် နိုင်ခဲ့ခြင်းဟာလည်း သက်ဆိုင်ရာဝန်ကြီးဌာန၊ ဒေသခံအုပ်ချုပ်ရေးဌာနဆိုင်ရာများနှင့် ဒေသခံ မိဘပြည်သူများရဲ့ ပူးပေါင်းပါဝင်မှုကြောင်‌့လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အမြင်ကတော့ ဒေသခံမိဘပြည်သူများအနေနဲ့ ဒီစီမံကိန်းစက်ရုံတည်ရှိနေခြင်းနှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ အကျိုးကျေးဇူးတွေကို မြင်သာမှုရှိစေရန် အလို့ငှာ သက်ဆိုင်ရာကုမ္ပဏီများက ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်ပြီး တတ်နိုင်သမျှကူညီအားပေး စေလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီစက်ရုံကြီးတစ်ခုတည်း လျှပ်စစ်မီးလင်းနေပြီး ဘေးပတ်ဝန်းကျင် မှာမှောင်နေတဲ့ အခြေအနေမျိုးကိုတော့ မရောက်ရှိစေချင်ပါဘူး။ လုံခြုံရေးအရရော၊ စည်းရုံးရေးအရရော ထည့်တွက်စေလိုပါတယ်။ ဧရာဝတီမြစ်အရှေ့ခြမ်းဒေသအနေနဲ့ ဒီစက်ရုံကြီးွဖစ်ပေါ်လာတဲ့ အတွက် လျှပ်စစ်ဓာတ်အားရရှိရေး အခြေအနေပေးလာပြီလို့ဆိုရမှာပဲဖြစ်ပါတယ်။ စက်ရုံကြီးမီးလင်း လာတော့လည်း ဒေသခံမိဘပြည်သူများက သူတို့ရဲ့ဒေသကို မီးလင်းစေလိုတဲ့ဆန္ဒရှိကြပါတယ်။ စက်ရုံရှိတာဝန်ရှိတဲ့ပုဂ္ဂိုလ်များကိုမေးမြန်းတော့လည်း စက်ရုံမှာ လျှပ်စစ်ဓာတ်အားလုံလောက်ကြောင်း နဲ့ နီးစပ်ရာကျေးရွာများကိုလည်း ဖြန့်ဝေပေးနိုင်တယ်လို့သိရပါတယ်။ ဒါကြောင့် သင့်တော်တဲ့ အချိန်ကာလတစ်ခုမှာတော့ ကိုယ့်အားကိုယ်ကိုးဆောင်ရွက်လိုကြောင်းတင်ပြပေးပါရန် မိဘပြည်သူ များကဆက်သွယ်လာကြပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကုမ္ပဏီမှအကုန်အကျခံပြီး ဆောင်ရွက်တဲ့ လျှပ်စစ်ဓာတ်အားဖြစ်တယ်ဆိုရင်လည်း သက်ဆိုင်ရာကိုကျေနပ်အောင် ကျခံ ဆောင်ရွက်ပေးသွားပါမယ်။ လုပ်ငန်းအောင်မြင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ပေါင်းစပ် ပေးစေလိုပါကြောင်းတင်ပြလိုပါတယ်။ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကဆိုရင်လည်း သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားတင်ပြဆောင်ရွက်လိုပါတယ်။ သို့ပါ၍ ထီးချိုင့်မြို့နယ်၊ ဧရာဝတီမြစ်အရှေ့ခြမ်းဒေသရှိ မောင်းကုန်းကျေးရွာအုပ်စု၊ မြတောင်ကျေးရွာအုပ်စုမှ ကျေးရွာများကို ကိုယ့်အားကိုယ်ကိုးအစီအစဉ်နဲ့ ၂၄ နာရီ လျှပ်စစ်ဓာတ်အားရရှိရေးကို သင့်တော်တဲ့အချိန်ကာလ တစ်ခုအတွင်း သုံးစွဲခွင့်ရရှိရေးဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်းပါသည်။