(င)-၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေမည်မျှထုတ်ချေးခဲ့ခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်းမှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အပေါင်မဲ့ ၁ နှစ် ကို ၁၅ ရာခိုင်နှုန်း၊ ၁ လကို ၁.၂၅ ရာခိုင်နှုန်းအတိုးနဲ့ ထုတ်ချေးရန်ထုတ်ပြန်ခဲ့တဲ့ အစီအစဉ်တစ်ရပ်နဲ့ ပတ်သက်ပြီးတော့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ငွေထုတ်ချေးဖို့ စတင်ပြီး အဆိုတင်ကြတာ ဆွေးနွေးတာရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကျွန်တော့်အနေနဲ့ ဒီကိစ္စကို သုံးသပ်တဲ့အခါမှာ ပထမအချက်အနေနဲ့ကတော့ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်တွေရဲ့တောင်းဆိုမှုမရှိဘူးဆိုတဲ့ အချက်တစ်ချက်၊ ဒုတိယအချက်အနေနဲ့ကျတော့ ကျွန်တော့်ရဲ့ အမြဲစောင့်ကြည့်လေ့လာမှုအရပေါ့လေ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းတွေမှာ ငွေလိုအပ်မှုမရှိဘူး။ မရှိတဲ့အပြင် သူတို့မှာငွေပိုလျှံမှုရှိနေတယ်။ အဲဒီ ပိုလျှံတဲ့ငွေတွေနဲ့ အိမ်ခြံမြေစသည်တို့အားဖြင့် ဝယ်ကြ၊ ရောင်းကြဆိုတာမျိုး လုပ်နေကြတယ်ဆိုတာတွေ့နေရတယ်။ တတိယအချက်အနေနဲ့ကတော့ အခုလိုမလိုအပ်ပဲနဲ့ အတိုးနဲ့အပေါင်မဲ့ငွေတွေ ထုတ်ချေးမယ် ဆိုလို့ရှိရင် ကျွန်တော်ခုနက ဒုတိယအချက်မှာပြောသလိုပါပဲ တစ်ဆင့် ပြန်ပြီးချေးတာတွေ ဥပမာအားဖြင့် ဒီမှာက ၁ လကို ၁.၂၅ ရာခိုင်နှုန်းနဲ့ ချေးမယ်ဆိုလို့ရှိရင် အပြင်မှာ ၁.၅ ရာခိုင်နှုန်းနဲ့ ပြန်ချေးစားလို့ရပါတယ်။ ၂ ရာခိုင်နှုန်းနဲ့ ပြန်ချေးစားလို့ရပါတယ်။ ဒီကိစ္စ မျိုးတွေပေါ်ပေါက်နိုင်တယ် ဆိုတာကိုဆွေးနွေးခဲ့ပါတယ်။ နောက်တစ်ခါ တစ်ဆက်တည်းလိုပဲ ခုနကပြောသလို အိမ်ခြံမြေစတဲ့ပိုင်ဆိုင်မှုတွေ၊ ကုန်ကြမ်းတွေ၊ လောင်စာတွေကို လှောင်တဲ့အခါမှာ ဒီငွေတွေကို သုံးဖို့ဖြစ်သွားပါလိမ့်မယ်။ အဲဒီတော့တိုင်းပြည်မှာ ကုန်ဈေးနှုန်းတက်မယ်။ ငွေကြေး ဖောင်းပွမှုဖြစ်မယ်ဆိုတဲ့အကြောင်း ကျွန်တော်ထည့်ပြီးဆွေးနွေးခဲ့ပါတယ်။ နောက်ဆုံး စတုတ္ထအချက် အနေနဲ့ကတော့ နိုင်ငံတော်ဘက်ကနေပြီးတော့ ဒီအသေးစားနှင့် အကြီးစားစက်မှုလုပ်ငန်းတွေပါဝင်ရ မယ့် Participate လုပ်ရမယ်ပေါ့လေ။ စီမံကိန်းတွေ၊ စီမံချက်တွေ ကျွန်တော်တို့ချထားတာ၊ လုပ်ထား တာမရှိပါဘူး။ အဲ့လိုမရှိပဲနဲ့ ငွေထုတ်ကြီးပိုက်ပြီးတော့၊ လိုက်ပြီးတော့ယူပါယူပါဆိုပြီးတော့ ပိုက်ဆံ လိုက်ထုတ်ချေးပေးမယ်ဆိုလို့ရှိရင် စောစောကပြောတဲ့ပြဿနာတွေဖြစ်လာမယ်ဆိုတာ ကျွန်တော် မြင်တဲ့အကြောင်းဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ နှိုက်လို့မကုန်တဲ့ငွေတွင်းကြီးရှိတာ မဟုတ်ပါဘူး။ ပိုက်ဆံဆိုတာ ရှာမှရတာပါ။ စုမှရတာပါ။ ချေးမှရတာပါ။ အဲတော့ ကျွန်တော်တို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုလည်းခေါ်နေရပါတယ်။ နိုင်ငံခြားကနေပြီးတော့လည်း ချေးငွေ ထုတ်ပေးဖို့ခေါ်နေရပါတယ်။ အဲလိုအနေအထားမျိုးမှာ ဒီကိစ္စကို ကျွန်တော့်အနေနဲ့ ကန့်ကွက်ခဲ့တာ ရှိပါတယ်။ သို့ပေမယ့်လို့လည်း နိုင်ငံတော်သမ္မတကြီးနဲ့ အစိုးရအဖွဲ့အသစ်က ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးအပြီးမှာပဲ ပေါ်ပေါက်လာပါတယ်။ အဲဒီမှာ ပင်စင်စားတွေကို ပင်စင်တွေတိုးပေးတယ်။ ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးချေးငွေတွေ၊ ထောက်ပံ့ရေး အစီအစဉ်တွေကိုထုတ်ပြန်ကြေညာတယ်။ အဖွဲ့ဖွဲ့ပြီးတော့ လုပ်ကိုင်ပေးတယ်။ ဒါတွေဟာ မင်္ဂလာပါ။ သို့သော်လည်းပဲ ခုနက အင်နဲ့ အား၊ ဝန်နဲ့အား၊ မြားနဲ့လေးဆိုတာရှိပါတယ်။ အဲတော့လယ်သမားတွေ ကို ထောက်ပံ့ကူညီတာတွေလုပ်ပေးသလိုပေါ့လေ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း တွေကိုပါ ငွေချေးဖို့ကြေညာထားတာတွေ့ရပါတယ်။ အဲဒီမှာ ကျွန်တော် ဆက်လက်ပြီးလေ့လာတဲ့ အခါကြတော့ ဆွေးနွေးသလိုပါပဲ စောင့်ကြည့်လေ့လာတဲ့၊ လေ့လာသုံးသပ်ထားတဲ့ ပုံစံလိုပါပဲ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေက ဒီချေးငွေကိုလာပြီးချေးတယ်ဆိုတာ ပထမ တစ်ယောက်မှမရှိပါဘူး။ နောက်တော့မှ အဖွဲ့ဆိုတာပေါ်လာပါတယ်လို့ ကျွန်တော်ကြားပါတယ်။ အဲတော့မှ နိုင်ငံတော်ကချမှတ်တဲ့မူဝါဒကြီးဆိုတဲ့အခါကျတော့ အောင်မြင်ဖို့အတွက် နိုင်ငံတော်အပိုင်း ကနေပြီးတော့ မောင်းနှင်အားပေးတယ်၊ တွန်းအားပေးတယ်ဆိုတဲ့အခါ နောက်ပိုင်းမှသာလျှင် ငွေချေးတဲ့သူ ရှစ်ဦး၊ ကိုးဦးလောက်ထွက်လာတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ လွှတ်တော်ဆိုတာ ကတော့ ကျွန်တော်တို့က ဥပဒေပြုတယ်၊ ဥပဒေပြဋ္ဌာန်းတယ်၊ ဆှေးနွေးတယ်ဆိုတာတော့ ဟုတ်ပါ တယ်။ သို့သော်လည်းပဲ ကျွန်တော့်အမြင်မှာကတော့ လွှတ်တော်ဆိုတာက ပြည်သူကရွေးချယ် တင်မြှောက်လိုက်တယ်။ ပြည်သူ့ကိုယ်စားလှယ်တွေကနေပြီးတော့ ပြည်သူ့အရေးအရာတွေကို မေးမြန်းကြတဲ့၊ ဆွေးနွေးကြတဲ့နေရာဖြစ်ပါတယ်။ မေးမြန်းဆွေးနွေးရင်းနေပြီးတော့က လိုအပ်တဲ့ မူဝါဒတွေ၊ Policy တွေ၊ ဥပဒေတွေ၊ နည်းနာတွေဖော်ထုတ်ကြမယ်။ ဥပဒေအတွက် အဆိုတင်ကြမယ်။ ဥပဒေမူကြမ်းတွေလိုအပ်သလိုပြုစုကြမယ်။ ပြီးတော့တစ်ခါ ဒီဥပဒေကြမ်း၊ ဒီဥပဒေတွေအရ အစိုးရ အဖွဲ့အစည်းကနေပြီးတော့ ဆက်လက်အကောင်အထည်ဖော်တာကို ကျွန်တော်တို့က ပြန်လည် စောင့်ကြည့်မယ်။ ပြန်လည်ထိန်းကျောင်းမယ်။ လိုအပ်တာကိုအရင်ဆွေးနွေးမယ်ဆိုတဲ့နေရာ၊ ခန္ဓာ အဖွဲ့ကြီးဖြစ်ပါတယ်။ နေရာဆိုတာ Place ပေါ့လေ။ ခန္ဓာဆိုတာ Body ပေါ့။ အဖွဲ့အစည်း အနေနဲ့ကတော့ Institution ဖြစ်ပါတယ်။ ဒီလွှတ်တော်ကြီးက ပြီးပြီးရောဆိုတဲ့သဘောမျိုးနဲ့ ကျွန်တော်တို့က ဆွေးနွေးခဲ့တာ၊ အဆိုတွေတင်ခဲ့တာမဟုတ်ပါဘူး။ လုပ်ခဲ့ကိုင်ခဲ့သမျှကိုလည်းပဲ ပြန်လည်ပြီးသုံးသပ်ဖို့ဆိုတာလိုအပ်ပါတယ်။ တာဝန်လည်းရှိပါတယ်။ အဲတော့က ကျွန်တော်မေးချင်တဲ့ မေးခွန်းက ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်းမှာ တော်တော်လည်းပြောလို့အရသာရှိတဲ့ SME ပေါ့လေ၊ Small and Medium Enterprises အဲ့လိုလုပ်ငန်းတွေကို ငွေချေးပေးတာနဲ့ပတ်သက်လို့ ဘယ်လိုမူဝါဒချမှတ်ပြီး ချေးငှား၊ ထုတ်ချေးခဲ့သလဲ။ အဲဒီမှာ နိုင်ငံတော်ဘက်ကစီမံကိန်း၊ စီမံချက်တွေ မှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေက ဘယ်လောက်အထိပါဝင်အထောက်အကူ ပြုပြီးတော့ ဒီချေးငွေတွေကိုသုံးစွဲပြီးတော့ အကျိုးပြုခဲ့ပါသလဲ။ အဓိကအားဖြင့်ကတော့ ဒါနှစ်ရှည် ချေးငွေလည်းဖြစ်မယ်၊ နှစ်လတ်ချေးငွေလည်းဖြစ်ပါလိမ့်မယ်။ မည်သို့ပင်ဖြစ်စေပေါ့လေ ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်းမှာ ထုတ်ချေးပြီးတဲ့နောက်မှာကတော့ အဲဒီထုတ်ချေးငွေပမာဏက ပြန်ဆပ်ရမယ့် အချိန်တိုင်ကျရောက်လာတဲ့ပမာဏအပေါ်မှာ ဘယ်လောက်ဆပ်ပြီးပြီဆိုတဲ့ကိစ္စရပ်တွေကို ကျွန်တော့် အနေနဲ့သိချင်တဲ့အတွက်ကြောင့် မေးမြန်းရခြင်း ဖြစ်ပါသည်။