(က)-မြန်မာနိုင်ငံ၏ မြို့တော်များအား သန့်ရှင်းလှပသည့် နိုင်ငံတကာအဆင့်မီမြို့တော်များ ဖြစ်အောင် ကွမ်းစားသူများ ကွမ်းတံတွေး ထွေးရာတွင် စည်းကမ်းရှိလာစေရန် မည်ကဲ့သို့စီမံချက်များ စတင် ချမှတ်ဆောင်ရွက်မည်ကို သိလိုသည့်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-21

 

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး လူမျိုးအညွန့် တုံးမှုပပျောက်စေရန် စီမံချက်ချမှတ်၍ ကျန်းမာရေးအရ ဆေးရွက်ကြီး သောက်သုံးမှုအတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ နှစ်စဉ် ကမ္ဘာ့ဆေးရွက်ကြီးများ တိုက်ဖျက်ရေးနေ့အဖြစ် ကျင်းပပြုလုပ်လေ့ရှိပါ တယ်။ မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာကျသည့် အဓိက မြို့တော်ကြီးများဖြစ်သော ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့များနှင့်အခြားမြို့ကြီးများတွင် ဆေးလိပ်သောက်သုံးခြင်းအား နေရာ သတ်မှတ်၍ လည်းကောင်း၊ ခရီးသွားပြည်သူများ စီးနင်းလိုက်ပါသော ဘတ်စ်ကားပေါ်တွင်လည်း ကောင်း၊ အထက်တန်း၊ အလယ်တန်းကျောင်းများအနီးတွင် ဆေးလိပ်ကင်းမဲ့ဇုန်များအဖြစ် သတ်မှတ်၍ လွန်ခဲ့သည့် ၂၀၀၀ ခုနှစ်မှစ၍ လူထုလှုပ်ရှားမှုအသွင်အဖြစ် ဆေးလိပ်သောက်သုံးမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရမှ စည်းကမ်းချက်များချမှတ်ကာ အသိပညာပေးထားပြီးဖြစ်သဖြင့် လိုက်နာဆောင် ရွက်နေသည်ကို ဝမ်းမြောက်စွာတွေ့နေရပြီး ဖြစ်ပါတယ်။ ယခုအခါ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး အတွက် မြန်မာနိုင်ငံ မြို့တော်များတွင် ကွမ်းစားသုံးမှုများပြားလာပြီး ကွမ်းတံတွေးများအား စည်းကမ်း မဲ့ အလွန်ညစ်ပတ်စွာ နေရာတိုင်း ထိန်းသိမ်းမှုမရှိဘဲ လမ်းဘေးပလက်ဖောင်းများတွင်လည်းကောင်း၊ အများသုံးဘတ်စ်ကားများပေါ်မှလည်းကောင်း၊ အငှားယာဉ်များပေါ်မှလည်းကောင်း ကွမ်းစားသုံးသူ များသည် ကွမ်းတံတွေးများအား ပစ်စလက်ခတ်ထွေးနေသည်ကို အများပြည်သူများ ကြုံတွေ့ခံစားနေ ရပါတယ်။ ယခုအခါ မြို့တော်ကြီးများမှာ ပြင်ပမှ အလည်အပတ်ရောက်ရှိနေသော နိုင်ငံခြားသားများ နှင့် ၂၀၁၃ ခုနှစ်တွင် ပြုလုပ်ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးများတွင် ကြိုတင် ပြင်ဆင်နိုင်ရန်အတွက် မြန်မာနိုင်ငံသူနိုင်ငံသားများအလွန်အရုပ်ဆိုးအကျည်းတန်နေသည့် ညစ်ပတ်နေသော မြင်ကွင်းများကြောင့် ဂုဏ်သိက္ခာကျဆင်းနေသည်ကို မြင်တွေ့နေရသဖြင့် မြန်မာနိုင်ငံ၏ မြို့တော်အား သန့်ရှင်းလှပသော နိုင်ငံတကာအဆင့်မီ မြို့တော်ဖြစ်အောင် ဆောင်ရွက်စေလိုကြောင်းနှင့် ယခုလို ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီရနေသည့် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ဒီမိုကရေစီကျကျ စည်းကမ်းရှိစွာ ကွမ်းတံတွေးများ ထွေးတတ်နိုင်ဖို့အတွက် တင်ပြရခြင်း ဖြစ်ပါသည်။ သို့ပါ၍ ကျွန်တော် မေးလိုတဲ့မေးခွန်းကတော့ ကွမ်းစားသုံးသူများ ကွမ်းတံတွေး ထွေးရာတွင် စည်းကမ်းရှိလာ စေရန်နှင့် နိုင်ငံတော်မှ ဥပဒေအရလည်းကောင်း၊ လူမှုရေးအရလည်းကောင်း မည်ကဲ့သို့ ဆောင်ရွက် ထားခြင်းရှိ၊ မရှိ။ အစီအစဉ်ရှိပါကလည်း မည်ကဲ့သို့ ရေရှည်စီမံချက်များ မည်သည့်အချိန်တွင် စတင်ဆောင်ရွက်အကောင်အထည်ဖော်မည်ဆိုတာ သိလိုပါကြောင်း မေးမြန်းပါသည်။