(ခ)-စာသင်ကျောင်းများ အဆင့်တိုးမြှင့် ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-21

၂၀၁၂-၂၀၁၃ ခုနှစ် ပညာသင်နှစ်တွင် ဒိုက်ဦးမြို့နယ်အတွင်းရှိ အောက်ပါစာသင်ကျောင်းများအား အဆင့် တိုးမြှင်‌့ပေးရန် တင်ပြခဲ့ပါတယ်။ အထက်တန်းကျောင်းခွဲ ကတုတ်ဘုရားကြီးအား အထက်တန်း ကျောင်းသို့ လည်းကောင်း၊ အလယ်တန်းကျောင်းခွဲ သရက်တောရွာအား အလယ်တန်းကျောင်းသို့ လည်းကောင်း၊ အလယ်တန်းကျောင်းခွဲ မင်္ဂလွန်းရွာအား အလယ်တန်းကျောင်းသို့ လည်းကောင်း၊ မူလ တန်းလွန်ကျောင်း အမှတ်(၆) မင်းတဲစုအား အလယ်တန်းကျောင်းသို့ လည်းကောင်း၊ မူလတန်းကျောင်း ခွဲ ပုလိပ်ကွင်းရွာအား မူလတန်းကျောင်းသို့ လည်းကောင်း၊ မူလတန်းကျောင်းခွဲ မြို့သစ်(က) အား မူလတန်းကျောင်းသို့ လည်းကောင်း၊ မူလတန်းကျောင်းခွဲ မလေးတကောင်းအား မူလတန်းကျောင်းသို့ လည်းကောင်း၊ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းခင်တန်းအား မူလတန်းကျောင်းခွဲသို့ လည်းကောင်း၊ ဘုန်းတော်ကြီးသင် မူလတန်းကျောင်း ရေငန်ချောင်းအား မူလတန်းကျောင်းခွဲသို့ လည်းကောင်း တင်ပြခဲ့ပါတယ်။ ၎င်းအပြင် ၂၀၁၂ ခုနှစ်၊ မေလတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များတင်ပြထားသည်‌့ ကျောင်းများကိစ္စအား ပညာရေးဝန်ကြီးဌာနမှ မေးမြန်းသဖြင့် အထက်ပါအတိုင်း ပြန်လည်တင်ပြခဲ့ပါတယ်။ ယခုအခါ ကျောင်းများပြန်လည်ဖွင့်လှစ်နေပြီး ကလေးများလည်း ကျောင်း အပ်နှံနေရပြီဖြစ်တဲ့အတွက် အထက်ပါ ကျောင်းများကို အဆင့်တိုးမြှင့်ပေးနိုင်ခြင်းရှိ၊မရှိ သိလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ကျေးလက်ဒေသနေပြည်သူတွေဟာ မိမိတို့ရဲ့ သားငယ်၊ သမီးငယ် များကို ပညာတတ်များ ဖြစ်စေချင်တဲ့အတွက် ရွာမှာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ကျောင်းဖြစ် မြောက်ရေးကော်မတီ စသည်ဖြင့်ဖွဲ့စည်းပြီးတော့ ကျောင်းရရှိရေး၊ ကျောင်းအဆင်‌့မြှင့်တင်ရေးတို့ ဆောင်ရွက်ရပါတယ်။ ဒီအဖွဲ့တွေက ဆရာမလုံလောက်ရင် ဆရာများငှားရမ်းခြင်း၊ ကျောင်းသားရှိရန် အဆင့်တိုးမြှင့်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင်‌့ဆင့်လိုက်လံ ဆောင်ရွက်ရခြင်း စသည်တို့ ဆောင်ရွက်တဲ့အခါ ဒီအဖွဲ့တွေရဲ့ ခရီးစရိတ်၊ စားစရိတ်၊ လက်ဆောင်ပေးရတဲ့စရိတ် စတဲ့ကုန်ကျငွေ တွေကို ကျေးရွာလူထုက မရှိရှိတာနဲ့ စုဆောင်းပေးရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်များက ရွာသူရွာသားများ ငွေကုန်ကြေးကျ သက်သာစေရန်လည်းကောင်း ကလေးများ နီးနီးနားနား ကျောင်းသွားရခြင်းဖြင့် ကုန်ကျစရိတ်သက်သာခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေရေးအတွက်လည်းကောင်း မေးမြန်းရခြင်း ဖြစ်ပါသည်။