(င)-လယ်ယာမြေများတွင် အမှန်တကယ်လိုအပ်၍ သုံးစွဲရန်နှင့် သုံးစွဲလျက်ရှိသော မြေများအား အသုံးပြုရန်(လန-၃၉) လျှောက်ထားရရှိနိုင်မှု နှင့် စပ်လျဉ်းသည့် မေးခွန်း
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့ တွင် ပေါက်မြို့မှ ပခုက္ကူ၊ ဆိပ်ဖြူမြို့များအထက် ပေါက်မြို့နှင့် အင်းတော်ကျေးရွာကြား ကားလမ်း ဘေးဝဲ/ယာများရှိ ယာမြေများပေါ်မှာ လွန်ခဲ့သော ၅ နှစ်ကျော်ခန့်ကစပြီး မြို့လူဦးရေတိုးပွားလာခြင်း ကြောင့်တစ်မျိုး၊ မြို့ပေါ်ရှိအိမ်ဝိုင်းမြေများကို ရေဘေးအန္တရာယ်ကျရောက်ခဲ့ခြင်းကြောင့် အဆိုပါကား လမ်းဘေးဝဲ/ယာရှိ ယာမြေများပေါ်မှာ ရွှေ့ပြောင်းနေထိုင်မှုများပြုကာ စားဝတ်နေရေးအတွက် စားသောက်ဆိုင်၊ ဈေးဆိုင်နှင့် အလုပ်ရုံများအပါအဝင် ဝိုင်းကွက်ပေါင်းများစွာဖြင့် နေထိုင်လုပ်ကိုင် စားသောက်နေကြပါတယ်။ အဆိုပါနေထိုင်ကြသူများက ၎င်းတို့နေထိုင်တဲ့ ယာမြေ၊ ဝိုင်းမြေများကို တရားဝင်ဝိုင်းမြေများအဖြစ် ပြောင်းလဲလိုသောကြောင့် အဆိုပါယာမြေများကိုဥပဒေနှင့်အညီ လယ်ယာမြေကိုအခြားနည်းဖြင့် အသုံးပြုခွင့်ဖြစ်သည့် (လန-၃၉) ယခုအခေါ် (လန-၃၀) ရရှိရန် လျှောက်ထားလိုသောဆန္ဒများရှိနေကြပါတယ်။ ဒါကြောင့် မိမိအနေဖြင့် ဒေသခံပြည်သူများကိုယ်စား လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့်မေးမြန်းလိုသည်မှာ လယ်ယာမြေများပေါ်တွင် အမှန်တကယ်လိုအပ်၍ လယ်ယာမြေကိုအခြားနည်းဖြင့်အသုံးပြုရန်၊ အသုံးပြုဆဲ၊ အသုံးပြုပြီးဖြစ်သောမြေများကို လယ်ယာ မြေကိုအခြားနည်းဖြင့် အသုံးပြုခွင့် (လန-၃၉) ယခုအခေါ် (လန-၃၀) လျှောက်ထားခွင့်ရှိ/မရှိ။ လျှောက်ထားခွင့်ရှိပါကမည်သို့ဆောင်ရွက်ရ၍ မည်မျှကုန်ကျမည်နည်း။ လျှောက်ထားခွင့်မရှိပါက အဘယ်ကြောင့်မရှိသည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။