(ဈ)-လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများအား အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဥပဒေ ပြဋ္ဌာန်း နိုင်ရန် ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနက အခြေခံ ဥပဒေပုဒ်မ ၃၆၄ အရ ဥပဒေမူကြမ်းရေးဆွဲ၍ အတည်ပြု ပြဋ္ဌာန်း နိုင်ရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ မှာ နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာသာသနာကိုအလွဲသုံးစားမပြုရ၊ ထို့အပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေး ကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း၊ မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ တစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဒီဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုး အတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်ဟု ဖော်ပြပြဋ္ဌာန်းထားပါတယ်။ သို့ဖြစ်ပါ၍ လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခများအားနောင်တွင် ထပ်မံဖြစ်ပွားပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တို့အား ကာကွယ်နိုင်စေရေးအလို့ငှာ နောင်တွင်ပဋိပက္ခဖြစ်ပွားမှုများကို ဟန့်တားဆောင်ရွက်နိုင်ရန်နှင့် အရေးယူဆောင်ရွက်နိုင်ရန်တို့အတွက် ပြည်ထောင်စုအစိုးရ သက်ဆိုင်ရာဝန်ကြီးဌာနက အခြေခံဥပဒေပုဒ်မ ၃၆၄ အရ ဥပဒေမူကြမ်းရေးဆွဲပြီး လွှတ်တော်သို့ တင်ပြအတည်ပြုပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်မှုအစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် စတင်ရေးဆွဲပြီး မည်သည့်အချိန်တွင် ပြည်ထောင်စုလွှတ်တော်သို့တင်ပြမည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။