(ခ)-စက်မှုဇုန်များကဲ့သို့ ၁ တန်လိုက်ထရပ်ယာဉ်များကို ဘယ်မောင်းသာတင်သွင်းရန် သတ်မှတ်ပေးနိုင်၊ မပေးနိုင်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစ၍ကုန်သွယ်ခွန်၊ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

 

ယခုအခါမှာ စက်မှုဇုန်များကို  ၁ တန်လိုက်ထရပ်ယာဉ်များကို အန္တရာယ်ကင်းရှင်းရေးကို ရည်ရွယ်ပြီးတော့ ဘယ်မောင်းယာဉ်များသာ ထုတ်လုပ်ခွင့်ပေးထားပါတယ်။ စက်မှုဇုန်တွေကလည်း   ၁ တန်လိုက်ထရပ်ယာဉ်တွေကို စက်မှုဝန်ကြီးဌာနရဲ့သတ်မှတ်ချက်နှင့်အညီ ကောင်းမွန်စွာထုတ်လုပ် လျက်ရှိပါတယ်။ စက်မှုဇုန်မော်တော်ယာဉ်ထုတ်လုပ်ရေး အထောက်အကူပြုလုပ်ငန်းတွေဖြစ်ကြတဲ့ ဘော်ဒီလုပ်ငန်း၊ ဖရိန်လုပ်ငန်း၊ ရှေ့ရုပ်ထုတ်လုပ်ငန်းနှင့် ထိုင်ခုံထုတ်လုပ်ရေးလုပ်ငန်း၊ ဘန်ကာ လုပ်ငန်း၊ ကားဆေးမှုတ်၊ မိုးကိုင်းမိုးကာ၊ ဝါယာထိန်းစတဲ့လုပ်ငန်းတွေမှာ မြန်မာတစ်နိုင်ငံလုံးရဲ့ စက်မှုဇုန်လုပ်သားသောင်းကျော်ခန့် မှီခိုအားထားနေရတဲ့လုပ်ငန်းဖြစ်ပါတယ်။ ယခုအခါမှာ နိုင်ငံခြားမှ ကားများတင်သွင်းခွင့်ပေးတဲ့အခါမှာ လိုက်ထရပ်ယာဉ်များကို ဘယ်မောင်းရော၊ ညာမောင်းပါ တင်သွင်းခွင့်ပေးနေပါတယ်။ ပြည်တွင်းမော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် တရားမျှတမှုမရှိဘူးလို့ ခံစားနေရပါတယ်။ လုပ်ငန်းရှင်များနှင့် စက်မှုဇုန်လုပ်သားများရဲ့ စားဝတ် နေရေးကိုထောက်ရှုလျက် နိုင်ငံခြားမှ ကားတင်သွင်းမှုကို စက်မှုဇုန်များနည်းတူ ဘယ်မောင်း ယာဉ်များသာ တင်သွင်းခွင့်ပေးမှသာ တရားမျှတညီညွတ်မှုရှိမယ်လို့ ယုံကြည်ပါတယ်။ သို့ဖြစ်ပါ၍ စက်မှုဇုန်များကို ယာဉ်အန္တရာယ် ကင်းရှင်းရေးကိုဦးတည်၍ လိုက်ထရပ်ဘယ်မောင်းယာဉ်တွေသာ ထုတ်လုပ်ခွင့်ပေးထားသလို နိုင်ငံခြားကနေ တင်သွင်းတဲ့ ၁ တန်လိုက်ထရပ်ယာဉ်တှေကိုလည်း ဘယ်မောင်းသာခွင့်ပြုသင့်ပါတယ်။ သို့ဖြစ်ပါ၍ ယခုတင်ပြတဲ့အတိုင်း ၁ တန်လိုက်ထရပ်ယာဉ်တွေကို ဘယ်မောင်းသာ တင်သွင်းခွင့် ပြုနိုင်၊ မပြုနိုင်ကိုလည်းကောင်း ဒုတိယမေးခွန်းအနေနဲ့ ယခုအခါမှာ နိုင်ငံခြားမှကား တင်သွင်းခွင့်ပေးတဲ့အတွက်ကြောင့် စက်မှုဇုန်ကားထုတ်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းလုနီးပါး အခြေအနေရောက်ရှိနေပါတယ်။ အလုပ်လက်မဲ့များလည်းတိုးပွားလျက်ရှိပါတယ်။ စက်မှုဇုန်ကား ထုတ်လုပ်ရေးမှာ နိုင်ငံခြားကတင်သွင်းတဲ့ အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းအပေါ်မှာ တင်သွင်းလာစဉ်မှာ အခွန်ကောက်ခံပြီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မော်တော်ယာဉ် ဈေးနှုန်းများ ကျဆင်းချိန်မှာ စက်မှုဇုန်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းရှင်များ၊ လုပ်သားများအား သက်ညှာ သောအားဖြင့် ယခုလက်ရှိကောက်ခံနေသော ဝင်ငွေခွန်၊ ကုန်သွယ်ခွန်များကို ကင်းလွတ်ခွင့် ပေးသင့်ပါတယ်။ ဝင်ခွန်နှင့် ပတ်သက်ပြီးတော့ ကင်းလွတ်ခွင့်မတောင်းဆိုပါဘူးခင်ဗျား။ ပြည်တွင်း မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းရှင်များနှင့်လုပ်သားများ အလွန်အကြပ်အတည်း ဖြစ်နေ ပါတယ်။ ဒါကြောင့် စက်မှုဇုန် မော်တော်ယာဉ်လုပ်ငန်းများကို ၂၀၁၂-၂၀၁၃ ယခုဘဏ္ဍာရေးနှစ်မှစ၍ ကုန်သွယ်ခွန်၊ ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုနိုင်၊ မပြုနိုင်သိရှိလိုပါကြောင်း မေးမြန်းပါသည်။