(င)-ကယားပြည်နယ်အတွင်းရှိ လမ်းများကောင်းမွန်ရန် ပြည်ထောင်စုအစိုးရမှ ရန်ပုံငွေများ ပိုမိုချထား ပေးနိုင်ခြင်းရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ကယားပြည်နယ်အတွင်းရှိ ဆက်သွယ်သွားလာနေသော လမ်းများဟာ ပြည်ထောင်စုအစိုးရမှ နှစ်စဉ် ပြင်ဆင်ထိန်းသိမ်းစရိတ်များဖြင့် ပြင်ဆင်ပေးနေသော်လည်းပဲ သတ်မှတ်ရန်ပုံငွေ နည်းပါးခြင်း၊ မိုးရွာသွန်းမှု များပြားခြင်း၊ လုံခြုံရေးစိတ်မချရခြင်းနှင့် ပြင်ဆင်ပြီးအပိုင်းများကို သတ်မှတ်စံချိန်စံညွှန်း နှင့်ကိုက်ညီမှုရှိ၊ မရှိ ပြန်လည်စစ်ဆေးမှု အားနည်းခြင်းစတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကောင်းတဲ့ အပိုင်းကနည်းပြီး ချို့ယွင်းပျက်စီးတဲ့အပိုင်းက များပြားနေတာကို တွေ့ရှိရပါတယ်။ ဥပမာအားဖြင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးရဲ့ ၂၈-၃-၂၀၁၁ အစီအစဉ်မှာ ဆောက်လုပ်ရေး ဝန်ကြီး ကိုယ်တိုင်ဖြေကြားသွားတာကတော့ ဖာဆောင်းမြို့နယ်မှ မဲ့စဲ့၊ နမ့်မံမြို့နယ်အထိ မိုင် ၄၀ မှာ ကတ္တရာခင်းရန် ၃ မိုင်သာကျန်ရှိကြောင်း ဖြေဆိုသွားပါတယ်။ ဒါပြောင်းပြန် ဖြစ်ပါတယ်။ လက်ရှိ အမှန်တရားကတော့ ဖာဆောင်းမြို့မှအထွက် ကတ္တရာ ၂ မိုင်ခန့်နှင့် မဲ့စဲ့မြို့အဝင်မြို့တွင်း ၁ မိုင်ခန့်သာ ကတ္တရာလမ်းဖြစ်ပြီး ယနေ့မှာ အဆိုပါလမ်းတွေဟာလည်း ပြန်လည်ပျက်စီးနေပြီ ဖြစ်ကြောင်းပါ ခင်ဗျား။ သို့ဖြစ်ပါ၍ ကယားပြည်နယ်အတွင်းရှိ လမ်းများကောင်းမွန်ရန် ပြည်ထောင်စုအစိုးရမှ ရန်ပုံငွေများ ပိုမိုချထားပေးနိုင်ခြင်းရှိ/မရှိနှင့် ပြည်နယ်အစိုးရမှ တာဝန်ယူဆောင်ရွက်ရမယ့် လမ်းအပိုင်း ၁၁ လမ်းကို ဗဟိုအစိုးရမှ ကနဦးပြင်ဆင်ဆောင်ရွက်ပြီး မြောက်မှသာ ပြည်နယ်အစိုးရလက်သို့ လွှဲပြောင်းပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။