(က)-လယ်လုပ်ခွင့် ဆုံးရှုံးနေသည့် လယ်သမားများကို ပြန်လည် လုပ်ကိုင်ခွင့်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-22

လယ်လုပ်ခွင့်ဆုံးရှုံးနေတဲ့ လယ်သမားများကို ပြန်လည်လုပ်ကိုင်ခွင့် ပေးရန်နှင့်ပတ်သက်တဲ့မေးခွန်း ၅ ခုကို တည်ဆဲဥပဒေများအပေါ် အခြေခံပြီး မေးမြန်းသွားမှာ ဖြစ်တဲ့အတွက် မေးမြန်းခွင့်ပြုပါရန် ပန်ကြားအပ်ပါတယ်ရှင်။ နိုင်ငံတော်အကြီးအကဲများမှ နိုင်ငံတော်တွင် ဆန်စပါးတိုးတက်ထုတ်လုပ်နိုင်စေရန်နှင့် လယ်သမားများရဲ့လူနေမှုဘဝဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်ပြီး လယ်ယာစိုက်ပျိုးထုတ်လုပ်မှုတွင် လယ်သမားလုပ်ကိုင်နေ‌သောလယ်မြေများကို လယ်သမားနှင့် ကုမ္ပဏီအကျိုးတူပူးပေါင်းသော စက်မှုလယ်ယာစံပြစိုက်ပျိုးရေးအထူးဇုန်ကိုစီမံခဲ့ပါ တယ်။ ယင်းသို့ စီမံဆောင်ရွက်ရာတွင် ကုမ္ပဏီများမှကိုယ်တိုင်ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်ခြင်းမပြုဘဲ လယ်သမားများသို့သာ သွင်းအားစုစိုက်ထုတ်ပေးသွင်းစေပြီး ထွက်ပေါ်လာတဲ့အကျိုးအမြတ်အပေါ် ခွဲဝေခံစားစေတဲ့မူဖြင့်ဆောင်ရွက်စေခဲ့တာကို သိရှိရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော် အတွက်အကျိုးဖြစ်ထွန်းစေ၊ တောင်သူလယ်သမားများအတွက် အကျိုးဖြစ်ထွန်းစေဆိုတဲ့ စေတနာ ကောင်းဖြင့်ဆောင်ရွက်ခြင်းဖြစ်တာကို အားလုံးကသိနားလည်ကြသော်လည်း မြေပြင်ရှိတကယ့် လက်တွေ့မှာ အကြီးအကဲများရဲ့စေတနာဟာ ဝေဒနာဖြစ်နေကြောင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ အရှေ့၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်များကို ဥပမာထား၍အောက်ပါအတိုင်းမေးမြန်းလိုပါတယ်ရှင်။ မေးခွန်း (၁) အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ကုမ္ပဏီများအနေဖြင့် စိုက်ပျိုးရေးထုတ်ကုန်မြင်‌့မားရေး၊ လယ်သမားဘဝမြင့်မားရေးတို့အတွက် မိမိတို့ရဲ့ကျေးဇူးရှင်ဖြစ်တဲ့ နိုင်ငံတော်ကိုအကျိုးပြုတဲ့ နိုင်ငံတော်အကျိုးပြုကုမ္ပဏီများအဖြစ်ခံယူထားကြသင်‌့သော်လည်း ဒေသခံလယ်သမားတို့ရဲ့စိတ်နေ စိတ်ထားကိုထည်‌့သွင်းစဉ်းစားခြင်းမရှိဘဲ အကျိုးတူလုပ်ငန်းအတွက် လုပ်နည်းလုပ်ဟန်နဲ့ အကျိုးတူ ဖော်ဆောင်ရေးအတွက် နှစ်ဖက်သဘောတူတဲ့လုပ်ထုံးစည်းမျဉ်းများညှိနှိုင်းသတ်မှတ်၍ ဥပဒေကြောင်း အရအကျိုးတူခံစားခွင့်၊ သဘောတူညီချက်၊ မှတ်တမ်းမှတ်ရာလည်းမရှိပါ။ နှုတ်ဖြင့်ပြောပြအလံတိုင် စိုက်၍မြေတိုင်းခြင်းကို ဦးစွာပြုလုပ်ကာ မြေသိမ်းခြင်းကိုသာဦးစွာဦးစားပေးလုပ်ဆောင်ခဲ့ကြပါတယ်။ လယ်သမားများနဲ့အကျိုးတူပြုလုပ်ခြင်းသဘောထက် မြေကိုလက်ရောက်သိမ်းလိုသောသဘောက ပိုများနေတာကိုတွေ့ရပါတယ်။ လယ်ကွင်းထဲရှိတဲများကိုဖျက်သိမ်းဖယ်ရှားခံရတဲ့အတွက် လယ်သမား များအနေနဲ့ ၎င်းတို့ရဲ့လယ်မြေများကိုသိမ်းပြီး သူတို့အားနှင်ထုတ်တယ်လို့ခံစားကြရမှာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ မိမိတို့ပိုင်လယ်ကိုလွတ်လွတ်လပ်လပ်လယ်ရှင်ဘဝဖြင့်ဆောင်ရွက်လာရာမှ ကုမ္ပဏီ များအခိုင်းခံရသော လယ်သမားဘဝသို့ရောက်ရတယ်လို့လယ်သမားတွေစိတ်ထဲမှာ ခံစားချက် ဖြစ်ပေါ်စေခဲ့ပါတယ်။ လယ်တဲများအားပြောင်းရွှေ့စရိတ်ပေးဖယ်ရှားပြီး မြေပြင်တွင်အလံတိုင်စိုက်၍ နယ်မြေသတ်မှတ်ကာ လက်ငုပ်လယ်သမားများကိုဆက်သွယ်ခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း မပြုတော့၍ လယ်သမားအများစုမှာ ယခင်မိမိပိုင်လယ်ကိုလုပ်ပိုင်ခွင့်မရတော့ဘဲ လယ်မဲ့ယာမဲ့၊ အလုပ်လက်မဲ့ဘဝကိုရောက်သွားတာကို ပြည်ထောင်စုအစိုးရကသိပါသလား။ သိရှိပါကမည်သို့ ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိလိုပါတယ်။ မေးခွန်း(၂) အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ လယ်သမားအချို့အနေဖြင့် တစ်ဧကအထွက်နှုန်းသတ်မှတ်ချက်အတိုင်းမထွက်တဲ့အခါ ကုမ္ပဏီက လယ်သမားအား ခိုးမှုဖြင့်တရားစွဲသဖြင့် လယ်သမားမှာရှိစုမဲ့စုဖြင့် အမှုကိုရင်ဆိုင်ရခြင်း၊ လူမှု‌ရေး ဂုဏ်သိက္ခာကျခြင်း၊ စားဝတ်နေရေးခက်ခဲမှုဖြစ်ပေါ်ခြင်းတို့ကြောင့် ဆက်လက်ပူးပေါင်းဆောင်ရွက် ခြင်းမရှိကြောင်း တွေ့ရသဖြင့် ကုမ္ပဏီများဘက်မှအထက်ပါအတိုင်း တရားမဲ့နိုင်ထက်စီးနင်း ဆောင်ရွက်နေတာကို ပြည်ထောင်စုအစိုးရကသိပါသလား။ သိရှိပါက နောင်မဖြစ်အောင်မည်သို့ စီမံဆောင်ရွက်မည်ကိုသိလိုပါတယ်။ မေးခွန်း(၃) လယ်ယာမြေကိုသိမ်းပါက မြေသိမ်းအက်ဥပဒေပုဒ်မ ၄ အရ နိုင်ငံတော်အစိုးရကအများပြည်သူအတွက်လိုအပ်ကြောင်း နိုင်ငံတော်ပြန်တမ်း၌ဦးစွာကြေညာ ရပါမယ်။ ယင်းဥပဒေပုဒ်မ ၅ အပိုဒ်ခွဲ(က)အရ သက်ဆိုင်သူကကန့်ကွက်လိုလျှင် ၃ ရက်အတွင်း ကန့်ကွက်ရပါမယ်။ ယင်းနောက်ဥပဒေပုဒ်မ ၆ အရ နိုင်ငံတော်သမ္မတက မြေသိမ်းကြေညာချက်အမိန့် ထုတ်ပြန်ရပါမယ်။ ပုဒ်မ ၁၇ အရလျော်ကြေးခွင့်ပြုရပါမယ်။ လျော်ကြေးအားကျေနပ်ခြင်းမရှိပါက ယင်းဥပဒေပုဒ်မ ၁၈ အရ တရားရုံးသို့လွှဲပေးရန် လျှောက်ထားနိုင်ကြောင်းဥပဒေတွင် အတိအလင်း ဖော်ပြထားပါတယ်။ လယ်သမားများအတွက် ကုမ္ပဏီများမှ တစ်ဧကကျပ် ၃၅၀၀၀၊ ၄၀၀၀၀၊ ၅၀၀၀၀ ပေးချေခြင်းနဲ့ပဲ အထက်ပါမြေသိမ်းဥပဒေနဲ့အကျုံးမဝင်တာကို ပြည်ထောင်စုအစိုးရကသိပါသလား။ သက်ဆိုင်ရာကုမ္ပဏီများ သိနားလည်အောင် မည်‌သို့ဆောင်ရွက်ပေးမည်ကိုသိလိုပါတယ်။ မေးခွန်း (၄) ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စက်မှုလယ်ယာစံပြစိုက်ပျိုး ရေးအထူးဇုန်တွင် လယ်သမား ၆၁၅ ဦးအနေနဲ့ လက်ငုပ်လယ် ၆၂၄၇.၉၄ ဧကကိုလယ်လုပ်ပိုင်ခွင့် ဆုံးရှုံးနေချိန်တွင် အကျိုးတူကုမ္ပဏီများအနေဖြင့် လယ်ဧက ၅၀၀ ခန့်ကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ သုံးနှစ်မြေငှားစာချုပ်ချုပ်ဆိုဆောင်ရွက်ခွင့်ရရှိနေတာကိုတွေ့ရပါတယ်။ ကုမ္ပဏီများအနေနဲ့ လက်ရှိ လက်ငုပ်သဖွယ်ဖြစ်နေပြီး မူလလယ်သမားများမှာ မူလလက်ငုပ်သဖွယ်ဖြစ်နေရာ မူလလက်ငုပ်နဲ့ လက်ရှိလက်ငုပ်တို့ ရေရှည်မြေယာလုပ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍အငြင်းပွားရာမှာ လယ်မြေတွင် တကယ် လုပ်ကိုင်သူသာ လယ်လုပ်ကိုင်ခွင့်ရမယ်ဆိုတဲ့အချက်ကို အဓိကထားပြီးစဉ်းစားဆုံးဖြတ်ပါက လောလောဆယ်အခြေအနေတွင် ကုမ္ပဏီများအနေနဲ့ နေ့ချင်းညချင်းမြေဧက ၅၀၀ ခန့်စီကို သီးစား အဖြစ်မှတ်ပုံတင်ခွင့်ရရှိရန်ဥပဒေအရ၊ အခွင့်အရေးအရအသာစီးရနေပါတယ်။ ဤသို့ဖြစ်ပေါ်ပါက ဖြစ်စဉ်ပါကုမ္ပဏီများအနေနဲ့ အခွင့်ထူးများရရှိပြီး တရားမျှတမှုကင်းမဲ့နေတာကို အစိုးရအနေဖြင့် သိပါသလား။ သိရှိပါက လယ်လုပ်ပိုင်ခွင့်ဆုံးရှုံနေတဲ့ မူလလက်ငုပ်လယ်သမား ၆၁၅ ဦးအား လက်ငုပ်လယ် ၆၂၄၇.၉၄ ဧကကို ဥပဒေနှင့်အညီသီးစားအဖြစ်မှတ်ပုံတင်ခွင့်ပြုခြင်းကိုဆောင်ရွက် ပေးရန်အစီအစဉ် ရှိ၊ မရှိသိလိုပါတယ်။ မေးခွန်း(၅) အထက်ပါ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအ‌ရှေ့မြို့နယ်၊ ဒဂုံတောင်မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှ လယ်သမား ၆၁၅ ဦး၏လယ်လုပ်ခွင့် ဆုံးရှုံးနေတဲ့ လယ်မြေ ၆၂၄၇.၉၄ ဧကသည် လန ၃၉ အရ လယ်ယာမြေကိုနိုင်ငံတော်မှ သတ်မှတ်တဲ့ နည်းလမ်းအသုံးချရန်အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၁၉၉၈ ခုကထုတ်ပြန်ထားခဲ့သော်လည်း ယနေ့ အထိလယ်ယာလုပ်ငန်းကိုသာဆက်လက်လုပ်ကိုင်နေပြီး နောင်အရှည်သဖြင့်လယ်ယာမြေများအဖြစ် ဆက်လက်ရှိဦးနေမယ်လို့သုံးသပ်ရရှိခြင်း၊ ကုမ္ပဏီများနှင့် လယ်သမားများအကျိုးတူပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်းစဉ်ချမှတ်ဆောင်ရွက်ရာတွင် ယခုလက်ရှိအခြေအနေအရမမျှတမှုဖြစ်လာတဲ့အတွက် လတ်တလောအခြေအနေတွင် မူလမျှော်မှန်းထားတဲ့အတိုင်းဖြစ်မလာဘဲ လယ်သမားများအတွက် များစွာထိခိုက်မှုများရှိလာခြင်း၊ မူလကတည်းကပင် လယ်သမားများနှစ်ပေါင်းများစွာ ဘိုးဘွားစဉ်ဆက် ဓားမဦးချလုပ်ကိုင်ခဲ့တဲ့ မူလလက်ငုပ်လယ်သမားများဖြစ်ခြင်းတို့ကြောင့် လန ၃၉ ကိုပြန်လည်ရုပ်သိမ်း ပြီးလယ်လုပ်ခွင်‌့ဆုံးရှုံးနေတဲ့ လယ်သမား ၆၁၅ ဦးအား မူလအတိုင်းလယ်မြေများကို ပြန်လည်လုပ်ကိုင် ခွင့်ရရှိအောင် ပြည်ထောင်စုအစိုးရကဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိသိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။