(ခ)-နိုင်ငံတော်၏ စားနပ်ရိက္ခာ စီမံခန့်ခွဲမှုကို မည်သို့ စီမံဆောင်ရွက်ထားရှိသည်နှင့် စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတော်အတွင်းမှာ စားနပ်ရိက္ခာ ဖူလုံရေးနှင့်ပတ်သက်ပြီးတော့ စီမံခန့်ခွဲထားရှိမှုနှင့်ပတ်သက်လို့ မေးမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံဆန်အိုးထဲမှာ ပြည်သူကိုကျွေးဖို့ ဆန်ဘယ်လောက်ရှိလဲဆိုတာ မေးတဲ့မေးခွန်းပဲ ဖြစ်ပါ တယ်။ မေးမြန်းတဲ့ရည်ရွယ်ချက်ကတော့ နိုင်ငံမှာ ယနေ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ပြည်သူဟာ အလုပ်အကိုင်ရှားပါးပြီးတော့ စီးပွားရေးကြပ်တည်းနေပါတယ်။ နိုင်ငံအတွင်းမှာ ဆန်အိတ်ထောင်ပြီး စားနိုင်တဲ့လူ အတော်ရှားပါတယ်။ နေ့စဉ် ဗူးနဲ့ပြည်နဲ့ ဝယ်စားနေတဲ့ပြည်သူဟာ အများစုဖြစ်ပါတယ်။ ဒီပြည်သူတွေရဲ့စိတ်ထဲမှာ နေ့စဉ် ဝယ်စားနေရတဲ့ဆန် နိုင်ငံတော်မှာ လုံလောက်မှုရှိ၊ မရှိ သူတို့ဘဝရဲ့ စားရေးအတွက် ပူပင်စရာရှိ၊ မရှိ သိလိုကြပါတယ်။ ဒါကြောင့် မေးမြန်းခြင်းဖြစ်ပါတယ်။ နိုင်ငံတော် အတွင်းမှာရှိတဲ့ ပြည်သူက နေ့စဉ်စားသုံးနေတာ ဆန်ဖြစ်ပါတယ်။ နေ့စဉ်မပြတ်စားသုံးနေရလို့သာ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူရရှိနေလို့သာ တည်ငြိမ်နေတာဖြစ်ပြီးတော့ ဈေးနှုန်းတွေ အဆမတန်မြင့် တက်လာမယ်၊ ဝယ်ယူဖို့အတွက် ရှားပါးခက်ခဲလာမယ်ဆိုရင်တော့ အေးချမ်းတည်ငြိမ်မှုကို အတိုင်း အတာတစ်ခုအထိ ထိခိုက်နိုင်မှာ ဖြစ်ပါတယ်။ အခြားကိစ္စတွေမှာ မှားယွင်းအားနည်းတာ ပြဿနာမရှိ ပေမယ့် ဒီကိစ္စမှာတော့ အမှားမခံတဲ့ကိစ္စဖြစ်ပါတယ်။ နိုင်ငံတကာမှာ ကျွန်တော်တို့နိုင်ငံလိုပဲ အရန်ဆန် တွေထားကြပါတယ်။ အစိုးရအဆက်ဆက်ကလည်း နိုင်ငံမှာ အရန်ဆန်ထားခဲ့ပါတယ်။ ယနေ့လည်း လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကနေပြီးတော့ ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ အထူး ကြိုးပမ်းဆောင်ရွက်နေတာကို ကြားသိရပါတယ်။ ဒီနေရာမှာတစ်ခု သတိပြုစေလိုတာကတော့ ၁၉၈၁ ခုနှစ်မှာ မြစ်ဝကျွန်းပေါ်မှာ တာဝန်ကျပါတယ်။ မြို့နယ်ကောင်စီရုံးမှာ နေရပါတယ်။ ရုံးမှာရှိတဲ့ လယ်စိုက်ဧကအထွက်နှုန်း အပိုအလျှံစပါးစာရင်းဟာ အားကျစရာဖြစ်ပါတယ်။ ဒီအချိန်မှာ အပေါ်က နေပြီးတော့ စပါးဧကတိုးစိုက်ဖို့ဆို ကိန်းဂဏန်းထဲမှာ တိုးလိုက်ပါတယ်။ အထူးအထွက်တိုးအနေနဲ့ တစ်ဧကမှာ ဘယ်လောက်ထွက်ရမယ် ပြောရင်လည်း တိုးလိုက်ပါတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ ထွက်လာတဲ့အရန်ဆန် ပမာဏဟာ အလွန်များပြားလာပါတယ်။ ဒီလိုနဲ့ပဲ နိုင်ငံတော်ကနေပြီးတော့ နိုင်ငံခြားတင်ပို့ဖို့လိုတဲ့အခါမှာ ပိုလျှံတဲ့ဆန်တွေကို ရန်ကုန်ပို့ခိုင်းလိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့ မြို့မှာ ဆန်မရှိတော့ပါဘူး။ ဒါမျိုးက အမှန်တကယ်ကြုံတွေ့ခဲ့တဲ့အတွက်ကြောင့် နိုင်ငံတော်ကနေ ပြီးတော့ တကယ်ဆောင်ရွက်သော်ငြားလည်း အောက်ခြေမှာ လူကြီးကြိုက်ကိန်းဂဏန်းတွေနဲ့ တင်ပြ နေမယ်ဆိုရင်တော့ ဖြစ်နိုင်တာကို ဂရုပြုဖို့ဖြစ်ပါတယ်။ ယနေ့ ကမ္ဘာမှာ ဆန်ရောင်းချမှုကို လေ့လာ လျှင် ထိုင်းနိုင်ငံက ပြီးခဲ့တဲ့နှစ်က ၆.၅ သန်းအထိ ရောင်းခဲ့ပါတယ်။ ဒီနှစ်မှာတော့ ၃၉ ရာခိုင်နှုန်း ကျဆင်းတယ်လို့ သိရပါတယ်။ အလားတူပဲ ဗီယက်နမ်နိုင်ငံဟာ ယနေ့ ထိုင်းနိုင်ငံကို ကျော်လွန်ပြီး တော့ ရောင်းချလာ တာတွေ့ရပါတယ်။ ဒီအချိန်မှာပဲ အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ၆.၈ သန်းတန်ချိန် ရောင်းခဲ့ပါတယ်။ ယနေ့ ၇ သန်းထိ ရောင်းတဲ့အတွက်ကြောင့် နောင်လာမယ့်အနာဂတ်မှာ အိန္ဒိယဟာ ဆန်တင်ပို့မှု အများဆုံးဖြစ်လာမယ့်နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကို လေ့လာရင် ဒီနေ့ ဆန်အထွက် နှုန်းဟာ တန်ချိန် ၁၀၃ တန် ထွက်ပါတယ်။ ပြည်သူလူထုစားသုံးဖို့အတွက် အရန်ဆန်အနေနဲ့ ၅၃.၄ သန်းထားရှိတာကိုတွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံကို လေ့လာရင် ပြည်ပပို့ကုန်ပို့တဲ့အချိန်မှာ လယ်ယာထွက်ကုန်က ၅၄.၆ ရာခိုင်နှုန်း၊ သစ်တောထွက်ကုန်က ၂၄.၇ ရာခိုင်နှုန်း၊ သတ္တုတွင်း ထွက်ကုန်က ၁၄.၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ အများဆုံးတင်ပို့နေတာ လယ်ယာထွက်ကုန်များ ဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။ သာမန်အားဖြင့် စားနပ်ရိက္ခာဖူလုံရေးအတွက် အခြေခံဖြစ်တဲ့ဆန်ကို တစ်ဦး ကျစီစားသုံးခွင့်နှင့် ထုတ်လုပ်နိုင်စွမ်းမှာ ယနေ့ အချိုးအစားပြည့်မီနေပါသေးတယ်။ ဘာဖြစ်လို့လဲဆို တော့ လယ်ယာစိုက်ပျိုးရေးမလုပ်ဘဲနှင့် သင့်ရာလုပ်ကိုင်ပြီးတော့ ဆန်ဝယ်စားတဲ့ လူဦးရေရာခိုင်နှုန်း က နိုင်ငံတော်မှာ ၃၀ ရာခိုင်နှုန်းပဲရှိပြီးတော့ လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ ရာခိုင်နှုန်းက ၇၀ ရာခိုင်နှုန်းအထိ ရှိနေလို့ဖြစ်ပါတယ်။ သို့သော် မြန်မာနိုင်ငံဟာအနာဂတ်မှာ စက်မှုနိုင်ငံအဖြစ် ပြောင်းလဲလာရင်တော့ ဒါဟာစိုးရိမ်စရာဖြစ်ပါတယ်။ မမျှော်လင့်တဲ့ ရာသီဥတု ဖောက်ပြန်မှုနှင့် ကြုံတွေ့တဲ့အခါမှာဖြစ်စေ၊ မမျှော်လင့်တဲ့ဈေးနှုန်းအပြောင်းအလဲတွေကြောင့် ဖြစ်ပေါ် လာမယ့် အကျိုးဆက်တွေကို လျှော့ချနိုင်ဖို့ဖြစ်စေ၊ နိုင်ငံတိုင်းမှာ အခုတင်ပြခဲ့တဲ့ အရန်ဆန်တွေ ထားကြပါတယ်။ ဒီအထဲမှာ ဆန်ဈေးတွေတက်လာတဲ့အခါမှာ အရန်ဆန်ကို ထုတ်နုတ်ပြီးတော့ ပြည်သူကို ရောင်းချပါတယ်။ သီးနှံဈေးတွေကျတဲ့အချိန်မှာ နိုင်ငံတော်ရဲ့အရန်ဆန်အဖြစ် ဖြည့်တင်း ကြပါတယ်။ အားလုံးဟာ စားနပ်ရိက္ခာဖူလုံဖို့လုပ်ခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကို ပြန်လေ့ လာရင် ဆည်မြောင်းနှင့်ပတ်သက်လို့ လွန်ခဲ့သောနှစ်ပေါင်း ၉၆၇ ခုနှစ်က အနော်ရထာမင်းစောဟာ စလုပ်ပါတယ်။ အလားတူပဲ လယ်ယာစစ်တမ်းကို ဒုတိယမြန်မာနိုင်ငံတော် သာလွန်မင်းတရားကြီးက စလုပ်ပါတယ်။ သို့သော် ဒီအချိန်အထိ ဆန်စပါးတင်ပို့တာ၊ သိုလှောင်တာမရှိပါဘူး။ မြန်မာနိုင်ငံကို ဗြိတိသျှသိမ်းပိုက်ပြီးတဲ့နောက်ပိုင်း လယ်ဧက ၁၈၃၀ ပြည့်နှစ်လောက်မှာ ၆၆၀၀၀ ဖြစ်ပါတယ်။ ဒီကနေပြီးတော့ နိုင်ငံခြားတင်ပို့မှုစတင်လာပြီးတော့ ၁၉၄၀ ပြည့်နှစ်မှာ လယ်ဧက ၁၂၅၁၈၄၉၉ ဧက စိုက်ပျိုးပါတယ်။ စပါးထွက်နှုန်းကို လေ့လာရင် ကိုလိုနီခေတ်က ၂၉ တင်း၊ ဒုတိယကမ္ဘာစစ်အပြီးမှာ ၂၈ တင်း၊ ၁၉၅၀နှင့် ၁၉၆၀ ဝန်းကျင်မှာ ပြည်တော်သာစီမံကိန်းနှင့် အရှိန်မြှင့်တင်လိုက်တဲ့အတွက် ကြောင့် စပါးထွက်နှုန်းဟာ ၃၃တင်းဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်ချိန်မှာ ၃၁.၁၆ တင်း၊ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလကနေပြီးတော့ ၁၉၆၄ ခုနှစ်၊ မတ်လအတွင်းမှာ အဲဒီခေတ်က အုန်းတော၊ ပုပ္ပား၊ ခပေါင်းစတဲ့ နှီးနှောပွဲတွေနဲ့ တွန်းအားပေးတဲ့အခါမှာ လယ်ဧက၊ စိုက်ဧကတိုးတက်မှု တွေဟာ တစ်ဧကမှာ ၄၀/၅၀ အထိ တက်လာပါတယ်။ ယနေ့နိုင်ငံတော်မှာ ၈၀ အထိ တက်လာပါ တယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ မေးလိုတဲ့မေးခွန်းက လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန် မြှင့်တင်နေတာကို သိပါတယ်။ စပါးထွက်နှုန်းမြှင့်တင်ရေးအတွက် ဆောင်ရွက်နေတာကို သိပါတယ်။ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပို့ကုန်မြှင့်တင်ရေးအတွက်ကို ဆန်ကိုအဓိကထားပြီး တော့ တန်ချိန်သန်းနှင့်ချီပြီးပို့ဖို့အတွက် ဆောင်ရွက်နေတာလည်း သိရပါတယ်။ ဒီလိုဝင်ငွေများများ တိုးတက်ဖို့အတွက် ဆောင်ရွက်လျက်ရှိတဲ့နည်းတူ ပြည်သူစိုးရိမ်နေတဲ့ စားနပ်ရိက္ခာဖူလုံမှုနှင့်ပတ်သက် ပြီးတော့ နိုင်ငံတော်အစိုးရအနေနဲ့ မဟာဗျူဟာမြောက် မည်သို့ဆောင်ရွက်ထားတာကို သိရှိလိုတဲ့ အတွက်ကြောင့် မေးမြန်းခြင်းဖြစ်ပါသည်။