(င)-လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်မြေ များအတွက် လွတ်လပ်၍ တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးရန် အစီစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ယခုအခါ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီးရဲ့လွှတ်တော်များအတွက် မဲဆန္ဒနယ်မြေများမှာ ကိုယ်စားလှယ်များ လစ်လပ် လျက်ရှိကြပါတယ်။ နိုင်ငံများရဲ့ရွေးကောက်ပွဲအစဉ်အလာအရ လစ်လပ်လျက်ရှိတဲ့နေရာများကို ကြားဖြတ်ရွေးကောက်ပွဲများကျင်းပလေ့ရှိပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေရဲ့ ပုဒ်မ ၈ မှာ လွှတ်တော်ရွေးကောက်ပွဲများကျင်းပခြင်း၊ လွှတ်တော်ရွေးကောက်ပွဲများကိုကြီးကြပ်ခြင်း နှင့် ကြီးကြပ်စေခြင်းတို့ကို ကော်မရှင်၏တာဝန်နှင့် လုပ်ပိုင်ခွင့်များအဖြစ်ပြဋ္ဌာန်းထားပါတယ်။ ကော်မရှင်ရဲ့အဓိကတာဝန်မှာ ရွေးကောက်ပွဲများကျင်းပပေးခြင်းဖြစ်ကြောင်း ထင်ရှားနေပါတယ်။ ဒါကြောင့် လစ်လပ်လျက်ရှိတဲ့မဲဆန္ဒနယ်မြေများကို ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ အဓိကတာဝန်ရှိတာကိုတွေ့ရှိရပါတယ်။ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၆၂ မှာ ပြည်သူကရွေးချယ်ပေးသော လွှတ်တော်ကိုယ်စားလှယ် များသည် မိမိအားရွေးချယ်ပေးသည့်မဲဆန္ဒနယ်ကိုကိုယ်စားပြုပြီး ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသော အများကလေးစားထိုက်သည့်ပုဂ္ဂိုလ်များဖြစ်သည့်အလျောက် သက်ဆိုင်ရာမဲဆန္ဒနယ်၌ ဒေသဖွံ့ဖြိုးရေး စီမံကိန်းများရေးဆွဲရာတွင်လည်းကောင်း၊ အုပ်ချုပ်ရေး၊ လူမှုစီးပွားရေးကဏ္ဍတို့နှင့် စပ်လျဉ်း၍ ပြည်သူများ၏ ဆန္ဒသဘောထားဖော်ဆောင်ရာတွင် လည်းကောင်း သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများကဖြစ်စေ၊ အာဏာပိုင်ပုဂ္ဂိုလ်ကဖြစ်စေ၊ အလေးထားတိုင်ပင်အပ်သောပုဂ္ဂိုလ်များ ဖြစ်သည်ဟုမှတ်ယူရမည်လို့ပြဋ္ဌာန်းထားတာကိုလည်းတွေ့ရှိ ရပါတယ်။ ဒါကြောင့် လစ်လပ်လျက်ရှိတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်များရဲ့ မဲဆန္ဒနယ်မြေများမှာဆိုရင် ပြည်သူ့ကိုယ်စားလှယ်လည်းမရှိ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးမည့်သူလည်းမရှိ၊ အုပ်ချုပ်ရေး၊ လူမှုစီးပွားရေးတို့နှင့်စပ်လျဉ်းပြီး ပြည်သူတို့ရဲ့ဆန္ဒကို ဖော်ဆောင်ပေးမည့်သူလည်းမရှိ၊ အာဏာပိုင်တို့က အလေးထားတိုင်ပင်အပ်တဲ့ပုဂ္ဂိုလ်လည်းမရှိ ဖြစ်နေတာကိုတွေ့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၉ ပုဒ်မခွဲ(က)တွင် နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖြစ်စေ၊ သက်ဆိုင်ရာဥပဒေနဲ့ဖြစ်စေမဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်လို့ နိုင်ငံသားများရဲ့မူလ အခွင့်အရေးများနှင့် တာဝန်များအဖြစ်ပြဋ္ဌာန်းထားတာလည်းရှိပါတယ်။ ဒါကြောင့် နိုင်ငံသားအခွင့် အရေးများမဆုံးရှုံးရအောင် ရွေးကောက်ပွဲကျင်းပပေးရန်လိုအပ်ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၉ ပုဒ်မခွဲ(က)တွင် လွှတ်တော်ရွေးကောက်ပွဲများကျင်းပခြင်း၊ ပုဒ်မခွဲ(ခ)တွင် လွှတ်တော် ရွေးကောက်ပွဲများကိုကြီးကြပ်ခြင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကိုဖွဲ့စည်းခြင်းနှင့် ကြီးကြပ်စေခြင်း ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်များကို ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ ညီညွတ် စေရန် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။