(ဂ)-ညောင်ရွှေမြို့နယ်၊ ကျွန်းတောင်မှ မောက်မယ်အထိ ၈၈ မိုင်ရှည်သောလမ်းမကို ပြည်ထောင်စု လမ်းမအဖြစ် ဖောက်လုပ်ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-22

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျွန်းတောင်-ကျောက်တစ်လုံး-ဆိုက်ခေါင်-ဟိုနမ့်-မောက်မယ်လမ်းဟာ လင်းခေးခရိုင်၊ လွယ်လင်ခရိုင်၊ တောင်ကြီးခရိုင်တို့မှ နေပြည်တော်သို့ ဆက်သွယ်ရာမှာ အတိုဆုံးလမ်း ဖြစ်ပါတယ်။ ၎င်းလမ်းမအား  ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော လမ်းမကြီးတစ်သွယ်လည်း ဖြစ်တဲ့အပြင် နိုင်ငံတော်မှ ရည်မှန်းဖောက်လုပ် လျက်ရှိတဲ့ ခရိုင်ချင်းဆက်လမ်းဖြစ်ပါတယ်။ ကျွန်းတောင်မှ ကျောက်တစ်လုံးအထိ ကတ္တရာလမ်း ဖြစ်သော်လည်း လမ်းကျဉ်းခြင်း၊ တံတားများမခိုင်ခံ့ခြင်းတို့ကြောင့် ကားကြီးများ၊ ကုန်တင်ယာဉ်များ မသွားလာနိုင်ပါ။ ၎င်းလမ်းဟာ အချို့နေရာမှာ နတလနှင့်ပြည်သူပူးပေါင်း၍ ဖောက်လုပ်ထားတဲ့ လမ်းဖြစ်ပြီး အချို့နေရာမှာ ပြည်သူများ ကိုယ့်အားကိုယ်ကိုးထိန်းသိမ်းပြုပြင်လျက်ရှိရာ ယခုအခါ လမ်းအူကြောင်းသဖွယ် ကျွန်းတောင်-ကျောက်တစ်လုံး-ဆိုက်ခေါင်-ဟိုနမ့်-မောက်မယ် အထိ ၈၈ မိုင် ရှိပါတယ်။ အဆိုပါလမ်းကို အဆင့်မြှင့်တင် ကတ္တရာလမ်းခင်းပေးခြင်း ဆောင်ရွက်နိုင်ပါက အောက်ပါ အကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်ပါတယ်။ (က) တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုရရှိစေနိုင်ခြင်း၊ (ခ) ဘိန်းစိုက်ပျိုးမှုပပျောက်စေနိုြင်ခင်း၊ (ဂ) မြေပေါ၊ ရေပေါသဖြင့် စိုက်ပျိုးရေးလုပ်ငန်း ပိုမို လုပ်ကိုင် စေနိုင်ခြင်း၊ (ဃ) မြေပေါ်မြေအောက်သယံဇာတပေါများကြွယ်ဝသော ဒေသဖြစ်၍ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေနိုင်ခြင်း (င) လူဦးရေပျံ့နှံ့မှုညီမျှပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေနိုင် ခြင်းတို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလမ်းကို ပြည်သူ့ဆောက်လုပ်ရေးလမ်းမအဖြစ်လည်းကောင်း၊ ပြည်ထောင်စုလမ်းမအဖြစ်လည်းကောင်း ကတ္တရာလမ်းအဖြစ် အဆင်‌့တိုးမြှင့်ပေးနိုင်မည့်အစီအစဉ်ရှိ၊ မရှိ သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။