(ဃ)-ညောင်တုန်းလမ်းမကြီးအား ပြုပြင်ပေးရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ညောင်တုန်းလမ်းမကြီးဘေးရှိ ဆည်မြောင်းအိမ်ရာရှေ့ မိုင်တိုင်အမှတ် ၁ မိုင်       ၄ ဖာလုံမှ စနေမမှတ်တိုင် မိုင်တိုင်အမှတ် ၂ မိုင် ၆ ဖာလုံကြားရှိ ညောင်တုန်းလမ်းမကြီးမှာ ကတ္တရာလမ်းဖြစ်ပြီး ယခုအခါ ကတ္တရာများပေါက်ပြဲပျက်စီး၍ တချို့နေရာများတွင် ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်နေသည်မှာ ၁ နှစ် နီးပါးခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။ ယင်းလမ်းပိုင်းအား သက်ဆိုင်ရာ ဝန်ကြီးဌာနမှ BOT စနစ်ဖြင့် အေးရှားဝေါလ်ကုမ္ပဏီသို့ ကန်ထရိုက်ပေးထားသည်ဟုလည်း သိရပါတယ်။ ခရီးသွားယာဉ်ကြီးယာဉ်ငယ်များအနေဖြင့် ညောင်တုန်းလမ်းမကြီးမှ အောင်ဇေယျ တံတားသို့ဖြတ်သန်းမောင်းနှင်ရာတွင်လည်းကောင်း၊ အောင်ဇေယျတံတားအား ဖြတ်သန်း၍ ညောင်တုန်းလမ်းမကြီးအတိုင်း မောင်းနှင်ရာတွင်လည်းကောင်း တံတားအနီးတိုးဂိတ်တွင် တံတား ဖြတ်သန်းခအဖြစ် ယာဉ်ငယ်တစ်စီးလျှင် ၁၅၀ ကျပ်ကို လွန်ခဲ့သော ၁ နှစ်ခန့်မှစတင်၍ ကောက်ခံခဲ့ သော်လည်း ညောင်တုန်းလမ်းမကြီးအား စနစ်တကျ သေချာစွာပြုပြင်ခြင်းမရှိခဲ့ပါ။ လွန်ခဲ့သည့် ၂ လ လောက်ကမှ ချိုင့်ခွက်များကို သဲနှင့်ကျောက်ညှပ်ပြီး အဖြစ်သဘောသာပြုပြင်ခဲ့ပါတယ်။ ယခုအခါ သဲနှင့်ကျောက်များမှာ ကားဘီးများယက်သဖြင့် လွင့်စင်ထွက်ကုန်ပြီး မူလပျက်စီးနေသည့်လမ်း အတိုင်းပြန်လည်ဖြစ်ပေါ်နေပါတယ်။ လမ်းများပေါက်ပြဲနေသဖြင့် ခရီးသည်များ ခရီးလမ်းကြမ်းတမ်း စွာစီးနင်းရခြင်း၊ လမ်းများပေါက်ပြဲနေသည့်အပြင် ချိုင့်ခွက်များရှိနေခြင်းကြောင့် ယာဉ်တိမ်းမှောက်မှု အန္တရာယ်များဖြစ်ပေါ်နိုင်ခြင်း၊ မကြာမီကာလအတွင်း မိုးရာသီကာလသို့ ရောက်ရှိတော့မည်ဖြစ်၍ မိုးရာသီတွင် ယင်းလမ်းမကြီးအနေနှင့် ပိုမိုဆိုးရွားလာနိုင်ပါတယ်။ ဒေသခံခရီးသွားလုပ်သားပြည်သူ များအနေဖြင့် မိုးရာသီမရောက်မီ အဆိုပါ ညောင်တုန်းလမ်းမကြီးလမ်းပိုင်းအား ပြုပြင်ပေးရန် လိုလားတောင့်တလျက်ရှိပါတယ်။ ဒါကြောင့် ဒေသခံများရဲ့ကိုယ်စား ကြယ်ပွင့်ပြမေးခွန်းအားမေးမြန်း အပ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ညောင်တုန်းလမ်းမကြီးလမ်းပိုင်း မိုင်တိုင်အမှတ် ၁ မိုင် ၄ ဖာလုံမှ မိုင်တိုင်အမှတ် ၂ မိုင် ၆ ဖာလုံကြားအား ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် ပြုပြင်ပေးရန် အစီအစဉ်ရှိပါက မည်သည်‌့အချိန်ကာလတွင် ပြုပြင်ပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။