(စ)-ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှင့် ၅ နှစ်အောက် ကလေးများ သေဆုံးမှုလျော့နည်းရေး နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-22

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနေလင်း မေးမြန်းထားသော ကြယ်ပွင်‌့ပြမေးခွန်းဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှင့် ငါးနှစ်အောက်ကလေးများ သေဆုံးမှု လျော့နည်းရေးဆိုတဲ့မေးခွန်းကို ဒေါက်တာနေလင်းကိုယ်စား ကျွန်တော်မှ မေးမြန်းတင်ပြခွင့်ပြုပါရန် လေးစားစွာ တင်ပြအပ်ပါတယ်။

မိခင်များအပါအဝင် အမျိုးသမီး များနှင့် ကလေးများ၏ကျန်းမာရေး၊ ပညာရေးတိုးတက်မြင့်မားရေး၊ ဘဝလုံခြုံမှုရှိရေးနှင့် အခွင့် အလမ်းများတန်းတူညီမျှရရှိရေးအစရှိတဲ့ လူ့အခွင့်အရေးများနှင့်အညီ နိုင်ငံ၏ကျန်းမာရေးနှင့် ပညာရေးအခန်းကဏ္ဍအသုံးစရိတ် ရင်းနှီးမြှုပ်နှံမှုသည် ရေရှည်၌ တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် လူသား အရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်လျက်ရှိတာကို တွေ့ရပါတယ်။ သို့ဖြစ်ပါ၍ မိခင်နှင့်ကလေးများသည် တိုင်းပြည်၏ သားသမီးရတနာများဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးလိုအပ်နေသဖြင့် မိခင်နှင့် ကလေးများ၏ သေဆုံးမှုလျှော့ချရေး မွေးကင်းစကလေးများနှင့် ငါးနှစ်အောက်ကလေးများ သေဆုံးမှု လျှော့ချရေးလုပ်ငန်းများကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအသီးသီးတို့သည် နှစ်တိုနှစ်ရှည်စီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်း၊ အမျိုးသားစီမံကိန်းများတွင် အလေးထားထည့်သွင်းရေးဆွဲခြင်း၊ ကျန်းမာရေး အသုံးစရိတ်တိုးမြှင့်ဆောင်ရွက်ခြင်း၊ အမျိုးသားရေးကိစ္စတစ်ရပ်အနေဖြင့် သက်ဆိုင်ရာအစိုးရများ၏ political will and political commitment  များရရှိရေးဆောင်ရွက်ခြင်း၊  ပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှုရှိစေရန် သက်ဆိုင်ရာ ပါလီမန်တွင်တင်ပြခြင်း၊ လိုအပ်သည့်ဥပဒေများ၊ နည်းဥပဒေများရေးဆွဲထုတ်ပြန်စေခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ ညှိနှိုင်းဆောင်ရွက်ချက်များဖြင့် ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက်များ အမှတ်စဉ် ၄ နှင့် ၅ ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံအနေနဲ့လည်း ကျန်းမာရေးဝန်ကြီး ဌာနသည် မျိုးဆက်ပွားကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင်ပါဝင်သည့် ကျွမ်းကျင်သည်‌့ သားဖွားဆရာများမွေးထုတ်ခြင်း၊ အရပ် လက်သည်များ ကျွမ်းကျင်မှုသင်တန်းပေးခြင်း၊ သားဆက်ခြားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆေးရုံ ဆေးခန်းများတွင် လိုအပ်သည့် ဆေးဝါးနှင့်ကျန်းမာရေးဝန်ထမ်းများ ပြည့်စုံစွာဖြည့်တင်းပေးခြင်း၊ ဆေးရုံဆေးခန်းများတိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ မိခင်များနှင့် မိခင်လောင်းများ ကျောင်းနေကလေးများ ကျန်းမာရေးအသိပညာဖြန့်ဖြူးပေးခြင်း အစရှိသည်များကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲ ကာပူးပေါင်းဆောက်ရွက်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ထောင်စုနှစ် ရည်မှန်းချက်များကို အလေးထားအကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် နိုင်ငံတကာအသိုင်း အဝိုင်း၏ ယုံကြည်လေးစားမှုရရှိရန် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အောက်ပါမေးခွန်းများကို မေးမြန်းအပ်ပါသည်။ (၁) ၂၀၀၀ခုနှစ်မှ ယနေ့အထိ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်းနှင့် ငါးနှစ် အောက်ကလေးများသေဆုံးမှုအခြေအနေ။ (၂) ထောင်စုနှစ်ရည်မှန်းချက် ၂၀၁၅ ခုနှစ်အတွက် သေဆုံးမှုနှုန်းလျော့နည်းရေးမျှော်မှန်းချက်။ (၃) အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်း များနှင့် တွေ့မြင်ရသည့်အခက်အခဲများနှင့် စိန်ခေါ်မှုများ။ (၄) တွေ့ကြုံရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများအပေါ် ဖြေရှင်းမည့်နည်းလမ်းများ။ (၅) ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများစာရင်း ရရှိသည့်လေ့ကျင့်ရေးနည်းပညာ ငွေကြေးအထောက်အပံ့အကူအညီများ။  (၆) လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်မည့် ဥပဒေများ၊ နည်းဥပဒေများ ထုတ်ပြန်နိုင်ရန် စီစဉ်ထားရှိမှုအခြေအနေ။ (၇) မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အတွက် ခွဲဝေကျခံသုံးစွဲမည့် ကျန်းမာရေးအသုံးစရိတ်လိုအပ်ချက်နှင်‌့ လာမည့်ဘဏ္ဍာရေးနှစ်အတွက် မျှော်လင့်လျာထားချက် စသည့်အချက်များကို လွှတ်တော်မှတစ်ဆင့် ပြည်သူလူထုသိရှိစေရန်အတွက် မေးမြန်းပါသည်။