(ဂ)-မြို့နယ်ရဲစခန်းများအလိုက် အထွေထွေ ကုန်ကျစရိတ်များအား သက်ဆိုင်ရာ ဝန်ကြီးဌာနက မည်သို့ ခွင့်ပြုထားသည် နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-22

မြို့နယ်ရဲစခန်းများ၏အခက်အခဲများပြေလည်စေရန်နှင့် မြို့နယ်တိုင်းလောင်းကစား  မှုအပါအဝင် ဒုစရိုက်လုပ်ငန်းများ ထိထိရောက်ရောက်ဖမ်းဆီးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍       ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင်‌့ပတ်သက်၍ မေးမြန်းတင်ပြသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထဲရေးဝန်ကြီးဌာနမှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက် လေးရပ်ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲစခန်းများထားရှိဆောင်ရွက်လျက်ရှိပြီး မြို့နယ်အလိုက်ထား ရှိသော ရဲစခန်းများက အဆင်‌့ဆင့်သောတာဝန်ရှိသူများဟာ သက်ဆိုင်ရာရဲစခန်းအလိုက် အထွေထွေ ကုန်ကျစရိတ်များအား နည်းအမျိုးမျိုးဖြင့်ရှာဖွေဆောင်ရွက်လျက်ရှိသည့်အတွက် ပြည်ထဲရေး ဝန်ကြီးဌာန၏ ရည်မှန်းချက်လေးရပ် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ နှောင့်နှေးကြန့်ကြာမှု များရှိနေကြောင်း ဝမ်းနည်းဖွယ်လေ့လာသိရှိရပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် ရဲစခန်များအလိုက် တယ်လီဖုန်းခေါ်ဆိုခ၊ လျှပ်စစ်မီးအသုံးပြုခ၊ လျှပ်စစ်မီတာခ၊ အကျဉ်းထောင်မှ မြို့နယ်တရားရုံးသို့ အကျတရားခံ၊ အချုပ်တရားခံထုတ်ရာတွင်အသုံးပြုသည့် မော်တော်ယာဉ်၊ ရဲအရာရှိနှင့် ရဲစခန်းသုံးမော်တော်ယာဉ်စက်သုံးဆီဖိုးနှင့် ရဲစခန်းဖွံ့ဖြိုးတိုးတက်သာယာ လှပစေရေး နှင့်အခြားအထွေထွေကုန်ကျစရိတ်များအား သက်ဆိုင်ရာဝန်ကြီးဌာနက မည်သို့ခွင့်ပြုထားသည်ကို သိရှိလိုပါကြောင်းနှင့် ခွင့်ပြုထားသည့်ငွေသည်ခေတ်စနစ်နှင့်လျော်ညီမှုရှိ၊ မရှိ။ ခွင့်ပြုခဲ့သည့်ငွေများ သည်လည်း သက်ဆိုင်ရာရဲစခန်းများသို့ အမှန်တကယ်ရောက်ရှိခြင်းရှိ၊ မရှိသိရှိလိုပါကြောင်း လေးစားစွာ မေးမြန်းပါသည်။