(ဆ)-ခမ်းပတ်မြို့နယ်ခွဲတွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ တစ်ခု ဖွင့်လှစ် ဆောင်ရွက် ပေးရန် အစီ အစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-22

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်တွင် ပါဝင်သော ခမ်းပတ်မြို့နယ်ခွဲသည် အစိုးရဌာနဆိုင်ရာများ၊ ကျောင်းများ၊ စာစစ်ဌာနများ၊ တိုက်နယ် ဆေးရုံ၊ ရဲစခန်းနှင့် တပ်မတော်ရှေ့တန်းရုံးများ တည်ရှိသည့်အပြင် ဝန်ထမ်းများ၊ ပင်စင်စားများနှင့် ကုန်သွယ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ကြသူများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များဆောင်ရွက်ကြသူများလည်း တည်ရှိနေထိုင်ကြပါကြောင်း။ လစာနှင့် ပင်စင် ထုတ်ယူခြင်း၊ ငွေလွှဲ/ငွေလက်ခံ ဆောင်ရွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ကြတဲ့အခါမှာ ခမ်းပတ်မြို့မှ ၃၅ မိုင် ဝေးကွာသော တမူးမြို့သို့လည်းကောင်း၊ မိုင် ၅၀ နီးပါးဝေးကွာတဲ့ ကလေးမြို့သို့လည်းကောင်း သွားရောက် ဆောင်ရွက်နေကြရပါကြောင်း၊ သို့ပါ၍ ခမ်းပတ်မြို့နယ်ခွဲတွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ တစ်ခု ဖွင့်လှစ်ပေးရန် ဒေသခံပြည်သူများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် တွေ့ဆုံပွဲတွင် တင်ပြလာပါသဖြင့် အောက်ပါမေးခွန်းမျာကို မေးမြန်းလိုပါကြောင်းမေးမြန်းပါသည်။

မေးခွန်းမှာ တမူးခရိုင်၊ ခမ်းပတ်မြို့နယ်ခွဲမှာ မြန်မာ့စီးပွားရေးဘဏ်ခွဲတစ်ခု ဖွင့်လှစ်ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် ရှိပါက မည်သည်‌့အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။