(ဈ)ပြည်သူများ၏ အနိုင်ကျင့်ခံရသော တင်ပြချက် အပေါ် ကူညီ ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ပုဂ္ဂလိကပိုင်အဆောက်အဦများကို ဌာနဆိုင်ရာများမှငှားရမ်းသုံးစွဲရာတွင် အိမ်ငှားခနှုန်းထားများကို ယနေ့ခေတ် ကုန်ဈေးနှုန်းများနှင့်လျော်ညီသော နှုန်းထားကိုပေးခဲ့ခြင်းမရှိသောကြောင့် ပြည်သူများ၏ အနိုင်ကျင့်ခံရသော တင်ပြချက်အပေါ် ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံတွင် ယခင်အစိုးရလက်ထက် ကတည်းက ပုဂ္ဂလိကပိုင်အဆောက်အဦများကို ဌာနဆိုင်ရာများမှ ငှားရမ်းသုံးစွဲခဲ့ရာ အိမ်ငှားခလစာ နှုန်းထားများကို ယခင်ငှားရမ်းစဉ်က နှုန်းထားများနှင့်သာ ပေးချေခဲ့ပြီး အဆောက်အဦးပိုင်ရှင်မှ လစာ တိုးတောင်းသော အခါကျမှ အထက်ကို တင်ပြပြီးတိုးပေးခဲ့သော်လည်း ယနေ့ခေတ် ကုန်ဈေးနှုန်းများနှင့် လျော်ညီသော နှုန်းထားကို မရရှိပါကြောင်း၊ အဆောက်အဦးပိုင်ရှင်များအနေဖြင့် ခေတ်နဲ့လျော်ညီသော နှုန်းထားများမရရှိပါသဖြင့် ပြောင်းရွှေ့ပေးပါရန် တင်ပြသော အချို့ဌာနဆိုင်ရာများသည် မိမိတို့ ပြောင်းရွှေ့ရန် နေရာရှိသော်လည်း တမင်အနိုင်ကျင့်သော နည်းလမ်းဖြင့် ဖယ်မပေးသည့်အပြင် လစာနှုန်းထားကိုလည်း တိုးမပေးဘဲ အနိုင်ကျင့်လျက်ရှိနေသည်ကို ပြည်သူများ ခံစားနေကြရပါကြောင်း၊ အစိုးရဌာနဖြစ်သည့်အတွက်ကြောင့်လည်း တိုင်ကြားရန်အခက်အခဲများရှိနေကြရပါကြောင်း၊
ဥပမာအားဖြင့် မိမိတို့ ကျောက်တံခါးမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် အဆောက်အဦသည် ပိုင်ရှင်ထံမှ နှစ်ပေါင်း လေးဆယ်နီးပါးခန့် ငှားရမ်းသုံးစွဲခဲ့ရာ စတင်၍ ငှားရမ်းစဉ်အခါက တစ်လလျှင် ၁၂၅ ကျပ်နှုန်းဖြင့် ငှားရမ်းခဲ့ရာ ယခုအချိန်တွင် တစ်လလျှင် ၁၆၅၀၀ ကျပ်ဖြင့် လစာပေးထားခဲ့ပါကြောင်း၊ တစ်လလျှင် ၁၆၅၀၀ ဆိုသည်မှာ တစ်ရက်လျှင် ၅၅၀ ကျပ်ခန့်မျှသာ ဖြစ်ပါသဖြင့် အဆောက်အဦ ပိုင်ရှင်များအနေဖြင့် စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေးအစရှိသည်တို့ကို ဖြေရှင်းနိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆောက်အဦးပိုင်ရှင် များမှ မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံ ယနေ့ခေတ်နှင့် လျော်ညီသော နှုန်းထားဖြင့် ငှားရမ်းခ တိုးပေးနိုင်က တိုးပေးရန်နှင့် မတိုပေးနိုင်ပါက မြန်မာ့စီးပွားရေးဘဏ်မှ ကျောက်တံခါးမြို့ ရုံးပေါင်းစုံလမ်းထဲရှိ ၎င်းတို့ဘဏ်တွင် အပေါင်ဆုံးထားသော နေအိမ်သို့ ပြောင်းရွှေ့မည်ဆိုပါက အမြန်ဆုံးပြောင်းရွှေ့ဖယ်ရှားပေးပါရန် အကူအညီတောင်းခံ တင်ပြပါသော်လည်း အထက်သို့ ဆက်လက်တင်ပြပေးမည်ဟုဆိုကာ ယနေ့အချိန်အထိ မည်သို့မျှ ဆောင်ရွက်ပေးခြင်း မရှိပါသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံ တင်ပြလာရာ တင်ပြချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ အနိုင်ကျင့်ခံရသောကိစ္စရပ်များကို ကူညီဆောင်ရွက်ပေး ပါရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက ဆောင်ရွက်ပေးပါရန် မေးမြန်းတင်ပြပါသည်။