(ည)-အိမ်၊ ခြံ၊ ြမေဝယ်ယူမှုများနှင့် ပတ်သက်၍ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်များ မတရားဆုံးရှုံးနစ်နာနေရ သည်ကို ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် စိစစ်ကုစားပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း
ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကို ကျွန်မက မေးခွန်းလေး ၃ ခု အသေးစိတ် မေးမှာ ဖြစ်ပါတယ်။ မေးခွန်းအချုပ်ကတော့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနမှာ အိမ်ခြံမြေရောင်းဝယ်မှုများနှင့်ပတ်သက်ပြီးတော့ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းများကို ရောင်းဝယ်ခြင်း၊ အပိုင်ပေးခြင်း၊ ပေါင်နှံခြင်းစတဲ့ လွှဲပြောင်းတဲ့အခါမှာ တရားဝင်မှုရှိဖို့အတွက် သက်သေခံ ဝင်ဖို့အတွက်ကို တည်ဆဲဥပဒေအသီးသီးနဲ့ ဆောင်ရွက်ကြတဲ့အခါ တရားသဖြင့် ဖြစ်အောင် နိုင်ငံတော်ဘဏ္ဍာ မဆုံးရှုံးအောင် မည်ကဲ့သို့ ဆောင်ရွက်နေပါသနည်းဆိုတာကို မေးလိုတာ ဖြစ်ပါတယ်။ နောက် အရောင်းအဝယ်စာချုပ်လို့ ခေါ်တဲ့ ဒီပစ္စည်းလွှဲတဲ့စာချုပ် Conveyance နောက်တစ်ခါ မေတ္တာသက်သက်နဲ့ ပစ္စည်းပေးတဲ့စာချုပ် Gift Deed ဆိုတာဟာတန်ဖိုးတစ်ရာကျပ် အထက်ဆိုရင် မှတ်ပုံတင်စာချုပ်မှာ တံဆိပ်ခေါင်းခွန်ကပ်ပြီးမှ ချုပ်မှသာ တရားဝင်ဖြစ်ပါတယ်။ အဲဒါမှ တရားဝင် လွှဲပြောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ Transfer of Property Act နဲ့ ပုဒ်မ ၅၄ နဲ့ ပြဋ္ဌာန်းထားတဲ့အတိုင်း ဥပဒေမြောက်မှာဖြစ်ပါတယ်။ နောက်တစ်ခါ မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ The Myanmar Stamp Act ပုဒ်မ ၃၃ ပုဒ်မခွဲ(၁)အရလည်း တံဆိပ်ခေါင်းခွန်ထိုက်တဲ့ စာချုပ်စာတမ်း တစ်စုံတစ်ရာပေါ်မှာ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ထားခြင်းမရှိလျှင် သို့မဟုတ် လျော့နည်းထမ်းဆောင်ထားပါက ယင်းစာချုပ်စာတမ်းကို စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိက အရေးယူ ဆောင်ရွက်ပေးခြင်း သို့မဟုတ် မှတ်ပုံတင်ပေးခြင်း မပြုရဟု သတ်မှတ်ထားတာရှိပါတယ်။ အဲဒီ စာချုပ်ကိုလည်း ဒီမှတ်ပုံတင်အရာရှိကနေပြီးတော့ စာချုပ်ကို ထိန်းချုပ်ထားနိုင်ပါတယ်။ အဲဒီတော့ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ကျွန်မက Fixed Asset တွေနဲ့ပတ်သက်လို့ ပုံသေပစ္စည်း တွေကို ရောင်းတဲ့အခါမှာ အခု ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့တွေနဲ့ တခြားမြို့တွေမှာဆိုရင် အိမ်ခြံမြေတွေက အဆမတန်ဈေးကြီးတာ အားလုံးသိကြတဲ့အတိုင်းဖြစ်ပါတယ်။ ဒီအဆမတန်ဈေးကြီး တဲ့ Fixed Asset တွေရောင်းဝယ်တဲ့အခါမှာ ပစ္စည်းအရောင်းအဝယ်တစ်နည်းအားဖြင့် ပစ္စည်း ရောင်းချမှုအတွက် အခြေပစ္စည်းမှအမြတ်အစွန်းငွေဆိုပြီးတော့ ၁၀ ရာခိုင်နှုန်းကို ဝင်ငွေခွန် သို့မဟုတ် အမြတ်ခွန် ကျသင့်ရပါတယ်။ အဲဒီထဲမှာ ဝင်ငွေရလားမဖော်ပြနိုင်တဲ့ လမ်းကြောင်းကနေ ဝင်ငွေကနေ ပတ်သက်ပြီးတော့ အမြတ်ခွန်ဥပဒေအရ ဝင်ငွေရလား မဖော်ပြနိုင် ရင် ၅၀ ရာခိုင်နှုန်း ဝင်ငွေခွန် ဥပဒေအရ ၃၀ ရာခိုင်နှုန်း အမြတ်ခွန် ၅၀ ၊ ဝင်ငွေခွန် ၃၀ ပေးချေရမှာဖြစ်ပါတယ်။ အဲ့ဒီအခါ မှာ နံပါတ်(၁)အချက် မေးတာဖြစ်ပါတယ်။ ဒီဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့အခါမှာ ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်း၊ အမြတ်ခွန် ၅၀ ရာခိုင်နှုန်း မပေးလိုတဲ့အတွက် ဝင်ငွေရလမ်းရှိတယ်ဆိုတဲ့ Income Statement အတုတွေပြုလုပ်တာကို လက်ခံပြီးတော့ ဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့လမ်းကြောင်းကနေ အနုတ် ပြပြီးတော့ အခွန်ဆောင်တဲ့ကိစ္စကို မေးချင်ပါတယ်။ (၂)က တံဆိပ်ခေါင်းခွန်နဲ့ ပတ်သက်လို့ မတရားဆုံးရှုံးတာကကျတော့ အရောင်းအဝယ်စာချုပ် ခုနက ကျွန်မပြောတဲ့ Conveyence ဖြစ်စေ မေတ္တာသက်သက်နဲ့ ပစ္စည်းပေးကမ်းတဲ့ Gift Deed ဖြစ်စေ အဲ့ဒီအခါ တံဆိပ်ခေါင်းခွန် ကိစ္စက ကျွန်မတို့က တံဆိပ်ခေါင်းခွန်ပေါ်မှာ တန်ဖိုးပေါ်မှာ ကျွန်မတို့က ၅ ရာခိုင်နှုန်းတိုးတဲ့ တံဆိပ်ခေါင်းခွန် အတိုင်းဆိုရင် ကျွန်မတို့က ရန်ကုန်၊ နေပြည်တော်စည်ပင်သာယာရေး နယ်နိမိတ်မှာဆိုရင် တိုးတဲ့ တံဆိပ်ခေါင်းကို ၂ ရာခိုင်နှုန်းဆိုတော့ ၇ ရာခိုင်နှုန်း ဆောင်ရပါတယ်။ အဲဒီတော့ ဒီတံဆိပ်ခေါင်းခွန်မှာ Gift Deed ကို သူက ၇ ရာခိုင်နှုန်းမဆောင်ချင်တဲ့အတွက် မွေးစားလိုက်တာရှိပါတယ်။ သားသမီး မွေးစားလိုက်တယ်။ ခေါင်း ၃၀၀ ကပ်လိုက်ရင် ကလေးတစ်ယောက်ရသွားပြီ၊ အဲဒီကလေးကို ၄၊ ၅၊ ၆ ရက်နေတဲ့အခါကျတော့ အပိုင်ပေးစာချုပ်လုပ်တယ်ဆိုပြီးတော့ Settlement Deed လုပ်လိုက်ပါ တယ်။ အဲဒီတော့ ၇ ရာခိုင်နှုန်းအစား ၁.၅ ရာခိုင်နှုန်းပဲ ဆောင်ရပါတယ်။ အဲဒီမွေးစားစာချုပ်အတု လုပ်တဲ့ကိစ္စ ဒုတိယမေးခွန်းမေးလိုပါတယ်။ တတိယ မေးခွန်းကကျတော့ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီး ဌာနကနေပြီးတော့ ၁၂-၈-၂၀၀၇ ရက်စွဲနဲ့ အမိန့်ကြော်ငြာစာ(၁၃၅/၂၀၀၇) ကို ထုတ်ပြန်ခဲ့တဲ့အခါမှာ တံဆိပ်ခေါင်း အပါအဝင် အခွန်နှုန်းလို့ ပူးပေါင်းပြီးတော့ သတ်မှတ်ပြောဆိုခဲ့တဲ့အခါမှာ ပစ္စည်းတန်ဖိုး ကျပ်သန်း ၅၀၀၀ ထိကို ၁၅ ရာခိုင်နှုန်း၊ ၅၀၀၀ နဲ့အထက်ဆိုရင် ၁၂ ရာခိုင်နှုန်းဆိုပြီးတော့ Proportional Tax ကောက်ခဲ့ပါတယ်။ အဲဒီအခါမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စည်ပင်သာယာ ရေးနယ်နိမိတ်မှာရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေ Fixed Asset တွေအတွက်က သန်း ၅၀၀၀ အထိကို ဝင်ငွေခွန်က ၈ ရာခိုင်နှုန်း၊ တံဆိပ်ခေါင်းခွန်က ၇ ရာခိုင်နှုန်းဆိုတော့ ၂ ခုပေါင်း ၁၅ ရာခိုင်နှုန်း။ ဒါပေမယ့် နေပြည်တော်မဟုတ်တဲ့ အခြားဒေသမှာရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကျ တော့ သန်း ၅၀၀၀ အထိကို တံဆိပ်ခေါင်းခွန်က ၅ ရာခိုင်နှုန်း အမြတ်ခွန် သို့မဟုတ် ဝင်ငွေခွန်က ၁၀ ရာခိုင်နှုန်းဆိုတော့ စုစုပေါင်း ၁၅ ရာခိုင်နှုန်း Totally က ၁၅- ၁၅ တူတူပဲ။ ဒါပေမယ့် နေပြည်တော် မဟုတ်သည့် အရပ်က လူတွေက ဝင်ငွေခွန်သို့မဟုတ် အမြတ်ခွန်ကို ပိုပြီးတော့ ပေးဆောင်နေရတာ ဖြစ်ပါတယ်။ အဲဒီနှစ်ခု ခြားနားချက်ကို မေးချင်သိလိုပါကြောင်း မေးမြန်းပါသည်။