(ဂ)-အရေးပေါ်စီမံမှုဥပဒေတွင်ပြစ်ဒဏ်များတိုးထားခြင်း အားပြန်လည် လျှော့ပေါ့ရန် နှင့်ဝိသမ လောဘ စီးပွားရေးသမားများကိုနှိမ်နင်းမှုများ၌သုံးစွဲနေခြင်း များအားဖယ်ရှားရန်အစီအစဉ်ရှိ၊မရှိတို့နှင့်စပ်လျဉ်း သည့် မေးခွန်း
အရေးပေါ်စီမံမှုဥပဒေ အမိန့် ကြော်ငြာစာများအနက် ပြစ်ဒဏ်များကို တိုးမြှင့်ထားသော ဥပဒေများ။ ဥပမာအားဖြင့် ၁၀ (က)၊ (ခ) ပုဒ်မ ၅ ပုဒ်မခွဲ(ည) အစရှိသော ဥပဒေများကို ပြန်လည်လျော့ပေါ့ရန် အစီစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ ထို့ပြင် အရေးပေါ်စီမံမှုဥပဒေပါ ပုဒ်မများကို ရပ်ကွက်ထဲ အလစ်သုတ်ခြင်း၊ ရန်ဖြစ်ခြင်း၊ ခါးပိုက်နှိုက်ဖမ်းဆီးခြင်း၊ စီးပွားရေးဝိသမ သောင်းကျန်းမှု ကိစ္စများတွင် သုံးစွဲနေသည့် ကိစ္စများရပ်ကို ဖယ်ရှားပေးရန် အစီအစဉ် ရှိ/မရှိ တို့ကို သိရှိလိုပါကြောင်း။
ဤအချက်များကို မေးမြန်းရသည့် အကြောင်းအရင်းမှာ အရေးပေါ်စီမံမှု အဓိပ္ပာယ်သည် မြန်မာတစ်နိုင်ငံလုံးတွင်ဖြစ်စေ၊ မြန်မာနိုင်ငံ၏ တစ်ထောင့်တစ်နေရာ တစ်ချိန် တစ်ခါမှာ ဖြစ်စေ၊ သွားလာ လုပ်ရှားရုန်းကန်ရသည့် အနေအထားကို ပျက်ယွင်းစေမည့်အခြေအနေ ပေါ်ပေါက်လာပါက ယင်းကိစ္စရပ်များကို ဟန့်တားနိုင်စေရန် အဓိပ္ပာယ် ဖြစ်သည့်အတွက်၊ တိုင်းပြည်အတွင်း အများပြည်သူသွားလာ လှုပ်ရှားရုန်းကန် စားသောက်ရာတွင် အဟန့်အတားဖြစ်စေမည့် မလိုလားအပ်သော အနေအထားမျိုး မဖြစ်ရအောင် သက်ဆိုင်ရာလှုပ်ရှားသူများကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ တစ်ရက်၊ တစ်လ၊ သုံးလ၊ ခြောက်လ အစရှိသည့် ကာလ သတ်မှတ်ချက်တစ်ခုဖြင့် ထိန်းသိမ်းထားနိုင်ပါက လုံလောက်သည့် အနေအထားအဖြစ်ထင်မြင်မိပါကြောင်း၊ သို့သော်လည်း လက်ရှိဥပဒေအရ ပုဒ်မ ၅(ည)တွင် ထောင်ဒါဏ် ၇ နှစ်အထိ ပြစ်ဒဏ်တိုးမြှင့်ထားသည်ကိုတွေ့ရှိနေရပါကြောင်း၊
မိမိအနေဖြင့် ပြစ်မှုနှင့် ပြစ်ဒဏ် မျှရန်ကိုသာ ရည်ရွယ်ပါကြောင်း၊ အရေးပေါ်စီမံမှုဥပဒေသည် လိုအပ်ချက်အရ ပြဌာန်းထားသော ဥပဒေတစ်ရပ်ဖြစ်သည်ကို မိမိမအနေဖြင့် လက်ခံပါကြောင်း သို့သော် ဤကိစ္စရပ်များကို အကြောင်းပြုပြီး မူလရည်ရွယ်ချက်ဖြစ်သည့် နိုင်ငံသူနိုင်ငံသာများ စားဝတ်နေရေး အတွက် ရုန်ကန်လှုပ်ရှားမှုကို ထိပါးစေသောကိစ္စမျိုးကို မဖြစ်လောက်ဘဲ ဖြစ်လောက်သည်အထိ ဆွဲဆန့်ပြီး စဉ်းစားသည့်ပုံမျိုးဖြင့် အရေးပေါ် စီမံမှု ဥပဒေကို သုံးစွဲထားခြင်းကို ဖယ်ရှားပေးနိုင်ရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း မေးမြန်းပါသည်။