(ဃ)-လိုင်စင်မဲ့ မော်တော်ယာဉ် များကို ထိန်းချုပ် ဟန့် တားနိုင်မည့် ဆောင်ရွက်မှုများဖြင့် ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-22

လိုင်စင်မဲ့ မော်တော်ယာဉ်များကို ထိန်းချုပ်ဟန့်တားနိုင်မည်‌့ ဆောင်ရွက်ချက်များဖြင့် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် တစ်နှစ်အာမခံလိုင်စင်(ဝှီးတက်) များသည် မည်သူတို့ထံမှ ထွက်ရှိအသုံးပြုနေသည်၊ ဖမ်းဆီးအရေးယူမှုမည်မျှရှိ၍ မည်ကဲ့သို့ ထိရောက်စွာအရေးယူဆောင်ရွက်သည်နှင့်စပ်လျဉ်း သည့်မေးခွန်း

ဦးသိန်းထွန်းဦး (အမရပူရ)ယခုအခါ နိုင်ငံတော်မှ မော်တော်ကားအမျိုးအစားအဆင့်အလိုက် တတ်နိုင် သမျှ ဖြေလျှော့၍ ထိုက်သင့်သော အခွန်အခနှုန်းထားများဖြင့်ကောက်ခံပြီး မော်တော်ယာဉ်တင်သွင်းမှုများ ကို ခွင့်ပြုဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် နယ်စပ်ဂိတ်နှင့် ပြည်တွင်းဂိတ် အသီးသီးတို့ကို နည်းမျိုးစုံဖြင့် ဖြတ်သန်းလျက် နိုင်ငံတော်အတွင်း တရားမဝင် မော်တော်ယာဉ်များ သယ်ယူနေကြကာ ရန်ကုန်-မန္တလေးမြို့ကြီးများ အပါအဝင် နယ်စပ်ဒေသမြို့များ၌ လိုင်စင်မဲ့မော်တော်ယာဉ်များကို တစ်နှစ်အာမခံသည်ဆိုသော ဝှီးတက်များဖြင့် တရားဝင်လိုင်စင်ကဲ့သို့ အသုံးပြုမောင်းနှင်နေကြသည်ကို ကြားသိနေရပါကြောင်း၊ အချို့သောယာဉ်ထိန်း တပ်ဖွဲ့ဝင်များစစ်ဆေးသည့်အခါ တရားမဝင်သောညှိနှိုင်းမှုများဖြင့် အဆင်ပြေအသုံးပြုလျက်ရှိနေကြသည်ကိုလည်း ကြားသိနေရပါကြောင်း၊ ထိုသို့ ဆောင်ရွက်နေမှုများကြောင့် နိုင်ငံတော်အတွက် ရရှိမည့်အခွန်အခများ မရရှိခြင်း၊ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက် ရှိခြင်း၊ မလိုလားအပ်သော ပြဿနာကြီးငယ်များပေါ်ပေါက်လျက်ရှိခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ်နေလျက်ရှိရာ လိုင်စင်မဲ့ မော်တော်ယာဉ်များကို ယခုထက်ပိုမိုထိရောက်သော ထိန်းချုပ်ဆောင်ရွက်မှုများဖြင့် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်မည်နှင့် တရားဝင်လိုင်စင်ကဲ့သို့ အသုံးပြုနေသော လိုင်စင်(ဝှီးတက်)များသည် မည်သည်‌့အဖွဲ့အစည်း သို့မဟုတ် မည်သူတို့ထံက ထွက်ရှိ အသုံးပြုနေပါသနည်း။ ဖမ်းဆီး အရေးယူစိစစ် ဆောင်ရွက်ချက်မှုများတွင် ထိုကဲ့သို့သော ကိစ္စရပ်များကို တွေ့ရှိပါသလား။ တွေ့ရှိမှု မည်မျှ ရှိပါသနည်း။ တွေ့ရှိပါက မည်ကဲ့သို့ ထိရောက်စွာအရေးယူထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။