(ဇ)-ကဝမြို့နယ်ကျားတက်၊ကမာကလဲကျေးရွာများအား မီးလင်းရေး ဆောင်ရွက်ပေးမည် ဆိုပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိ လိုကြောင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် ကျားတက်၊ ကမာကလဲ ကျေးရွာများသည် ပဲခူးမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများဖြစ်ပြီး ပဲခူးမြစ်အနောက်ဘက်ကမ်းရှိ ကျောက်တန်း ကျေးရွာသည် လျှပ်စစ်မီးရရှိသည်မှာ အနှစ် ၂၀ ကျော်ခန့်ရှိပြီဖြစ်ပါကြောင်း၊ ၂၀၁၀ ခုနှစ်တွင် ကျောက်တန်း ကျေးရွာမှ ပဲခူးမြစ်အရှေ့ဘက်ကမ်း ကမာကလဲကျေးရွာသို့ ဆွစ်ဇလန်နိုင်ငံ၏ အကူအညီဖြင့် ပဲခူးမြစ်ကူး လူကူးတံတား တစ်ဆင်းကို တည်ဆောက်အသုံးပြုလျက်ရှိရာ ထိုသို့တည်ဆောက်ရာတွင် ချဉ်းကပ်တိုင်များကို ကျေးရွာများအစီအစဉ်ဖြင့် တည်ဆောက်ခဲ့ကြရပါကြောင်း၊ တံတားမဆောက်ခင်နှစ်တွင် ကမာကလဲနှင့် ကျားတက်ရွာတို့သည် လျှပ်စစ်မီးလင်းရန် ထရန်စဖော်မာ နှင့် ဓာတ်တိုင်များ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့ပြီးဖြစ်သော်လည်း ကြိုးတံတားချဉ်းကပ်တိုင်များ တည်ဆောက်ရသဖြင့် စုဆောင်းထားသည့်ငွေများ အသုံးပြုလိုက်ရခြင်းကြောင့် မီးကြိုးတန်းဖိုးကျခံနိုင်ခြင်း မရှိတော့ပါ ကြောင်း၊ ထို့ကြောင့် ၎င်းကျေးရွာ ၂ ရွာအား ထရန်စဖော်မာနှင့် ဓာတ်တိုင်များတည်ဆောက်ပြီး မီးလင်းရေးအတွက် ဆောင်ရွက်ပေး ပါရန်နှင့် ဆောင်ရွက်ပေးမည် ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။