(ခ)-ထားဝယ်အထူးစီးပွားရေးဇုန်များနှင့် စပ်လျဉ်းသည့် မေးခွန်း
တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကိုဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် အရေးကြီးသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အတွက်သာမက အာဆီယံနိုင်ငံများအတွက် ပါ အရေးပါသည့်စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ နှစ်နိုင်ငံအတိုင်းအတာဖြင့် တည်ဆောက်နိုင်သလောက် တည်ဆောက်ပြီး မတတ်နိုင်သည်များကို တတိယနိုင်ငံကိုဖိတ်ခေါ်ရမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်း စာများတွင်ဖော်ပြချက်အရသိရှိရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၀ ပုဒ်မခွဲ (ခ) တွင် ပြည်ထောင်စု အစိုးရကသာတင်သွင်းခွင့်ရှိသော နိုင်ငံတော်၏အမျိုးသားစီမံကိန်း နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းများကို သတ်မှတ်ထားသည့်နည်းလမ်း များနှင့်အညီ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည်လို့ဖော်ပြထားပါတယ်။ ထိုနည်းတူ ပြည်ထောင်စု အစိုးရအဖွဲ့ပုဒ်မ ၅၅ ပုဒ်မခွဲ (က) တွင်လည်း ပြည်ထောင်စုအစိုးရအဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရ၏ မူဝါဒများကိုချမှတ်ရမည်။ ယင်းမူဝါဒများနှင့်အညီ လိုအပ်သောစီမံကိန်းများကိုရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဟုဖော်ပြထားပါတယ်။ နိုင်ငံတိုင်းမှာ အစိုးရအဖွဲ့များဟာ ပြည်သူပြည်သားများ ကောင်းကျိုးအတွက်ဆောင်ရွက်တာမှန်သော်လည်းပဲ ပြည်သူများရဲ့ဆန္ဒနဲ့မကိုက်ညီလျှင် ပြဿနာဖြစ်ပေါ်ပြီးတော့ အကျိုးနည်းတတ်ပါတယ်။ သာဓက အားဖြင့်ဆိုလို့ရှိရင် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတို့ ဖြစ်ပါတယ်။ နိုင်ငံတော်အဆင့်စီမံကိန်းကြီးများ ဆောင်ရွက်တဲ့အခါမှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု ရှိရန်လိုအပ်တယ်လို့ယူဆပါတယ်။ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများကို ဖြေကြားပေးနိုင်ပါရန် မေးမြန်းအပ်ပါတယ်-
(က) ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို မည်ကဲ့သို့ဆောင်ရွက်ထားပါသနည်း။
(ခ) ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် မြန်မာနိုင်ငံပြည်သူပြည်သားများအတွက် မည်ကဲ့သို့အကျိုးရှိပါသနည်း။
(ဂ) ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဆောင်ရွက်ရန်အတွက် ပြည်ထောင်စုလွှတ်တော် သို့တင်ပြအတည်ပြုချက်ရယူရန်အစီအစဉ်ရှိပါသလား။ ရှိလျှင် မည်သည့်ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင်တင်ပြပါမည်လဲ။ မတင်ပြလျှင် မည်သည့်အတွက်ကြောင့် တင်ပြအတည်ပြုချက်ရယူခြင်း မပြုသည်ကို သိလိုပါသဖြင့် ဖြေကြားပေးနိုင်ပါရန် မေးမြန်းပါတယ်။