(က)-လယ်ဝေးမြို့နယ်အတွင်းရှိ ဆင်အုံရေလှောင်ကန်ကြီးကို ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

 

လယ်ဝေးမြို့နယ် ကြို့ပင်ကျေးရွာနှင့် ရှမ်းစုကျေးရွာအနီးတွင် ဆင်အုံကန်ရေလှောင်ကန်ကြီး ရှိပါကြောင်း၊ ၎င်းရေလှောင်ကန်ကြီးကို ၁၉၅၈ ခုနှစ်တွင် စတင်တူးဖော်ခဲ့ကြပါကြောင်း၊ ရေဝပ်ဧရိယာ  ၃၈၀၀ ဧကနှင့် ရေနက်ပေ ၂၅ ပေခန့်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် သုံးရေအတွက် အကျိုးပြုလျက်ရှိပါကြောင်း၊  နှစ်ပေါင်း ၆၀ နီးပါးရှိပြီဖြစ်သည့် ၎င်းဆင်အုံရေလှောင်ကန်ကြီးကို တစ်ကြိမ်တစ်ခါမှ ပြန်လည်တူးဖော်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းမရှိသည့်အတွက်  သဲနုန်းမြေများအနည်ထိုင်လာပြီး တဖြည်းဖြည်း နှင့် ရေဝပ် ဧရိယာ ၂၈၀၀ ဧကနှင့် ရေနက်ပေ ၁၅ ပေခန့်အထိ တိမ်ကောပျောက်ကွယ်သွားခဲ့ပြီး ယခုချိန်တွင် ရေဝပ် ဧရိယာ ၁၀၀၀ ဧကနှင့် ရေနက်ပေ ၁၀ ပေခန့်သာ ကျန်ရှိပါတော့ကြောင်း၊ ထို့ကြောင့် ဆင်အုံရေလှောင် ကန်ကြီး မတိမ်ကော၊ မပပျောက်စေရန်အတွက် ကျန်ရှိသည့်ရေဝပ်ဧရိယာများကို အချိန်မီပြန်လည် တူးဖော်ပြီး ထိန်းသိမ်းကာကွယ်ပေးရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ နေ့စဉ် လယ်ယာ မြေဧကပေါင်း ၅၀၀၀ နီးပါးကို စိုက်ပျိုးရေရရှိရေး အတွက် ရေပေးဝေလျက်ရှိသလို မွေးမြူရေးနှင့်သုံးရေ အတွက်လည်း ဖြန့်ဖြူး ပေးလျက်ရှိပါကြောင်း၊ ဆင်အုံကန်ကြီးထဲမှာ ရေများမပြတ်စေရန်အတွက် ချောင်းမငယ် ဆည်မှရေများကို လက်တံမြောင်းများမှ တစ်ဆင့် ငါးရက်တစ်ကြိမ်ခန့် ရေပေးသွင်းနေရပါကြောင်း၊ မြို့ပြနှင့်ကျေးလက် ဒေသများတွင်  လူဦးရေဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၊ စက်မှု လက်မှု လုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများလည်းဖွံ့ဖြိုးတိုးတက်လာသည် အတွက် ရေလိုအပ်မှုပမာဏ လည်း မြင့်မားလာသည့်အတွက် ရေလှောင်ကန်များနှင့်သဘာဝရေ အရင်းအမြစ်များကို ပိုမိုထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လယ်ဝေးမြို့နယ်အတွင်းမှာရှိ ဆင်အုံ ရေလှောင်ကန်ကြီး ကို ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။