(ခ)-ကာလပေါက်ဈေးနှင့်မကိုက်ညီဘဲ ပုဂ္ဂလိကသို့ BOT စနစ်ဖြင့် ငှားရမ်းထားသော နိုင်ငံတော်ပိုင် အဆောက်အဦနှင့် မြေနေရာများကြောင့် ပြည်သူ့ဘဏ္ဍာထိခိုက်နစ်နာနေရခြင်းအား မည်ကဲ့သို့ အရေးယူမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ပဲခူးမြို့နယ်တွင် ယခင်အစိုးရလက်ထက် နိုင်ငံတော်ပိုင် အဆောက်အဦနှင့် မြေနေရာများကို ပုဂ္ဂလိကသို့ BOT စနစ်ဖြင့် ငှားရမ်းထားသော စက်ရုံ၊ အလုပ်ရုံ၊ စိုက်ကွင်း၊ သိုလှောင်ရုံနှင့် အဆောက်အဦများစာရင်းကို စစ်ဆေးကြည့်ရှုရာတွင် ပဲခူးမြို့ပေါ်ရှိကြားစခန်း ဘိုကုန်းရပ်ကွက်ရှိ သိုလှောင်ရုံသုံးလုံးကို ၁၂-၆-၂၀၁၄ ရက်နေ့တွင်ငှားရမ်းခဲ့ပြီး ငှားရမ်းသည့်ကာလမှာ နှစ် ၂၀ သက်တမ်းဖြစ်ပါကြောင်း၊ ထိုနည်းအတူ အခြားသောနိုင်ငံတော်ပိုင် အဆောက်အဦများနှင့် မြေနေရာများကို ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များအပါအဝင် အစိုးရသက်တမ်းကူးပြောင်းကာနီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလလယ်ခန့်မှ စာချုပ်ချုပ်ဆို ငှားရမ်းခြင်းများရှိသည်ကိုလည်း တွေ့ရှိခဲ့ရပါကြောင်း၊ ပဲခူး-ရန်ကုန် ကားလမ်းမပေါ်ရှိ ယခင် (၁၀) မိုင် ကုန်းပျိုးဥယျာဉ်အရောင်းဆိုင် မြေနေရာ ၁၃.၃၂ ဧကကို တစ်နှစ်လျှင် သိန်းရှစ်ဆယ်နှုန်းဖြင့် ငှားရမ်းထားသည့်အတွက် တစ်ဧကကို တစ်လလျှင် ၅၀၀၀၀ ကျပ်နှုန်းသာ ရရှိခဲ့ပါကြောင်း၊ ပဲခူးမြို့ကြားစခန်းရှိ ဘိုကုန်းသိုလှောင်ရုံသုံးလုံး၏ ငှားရမ်းခအား စစ်ဆေးကြည့်ရှုသည့်အခါ အလျားပေ ၁၂၀၊ အနံပေ ၅၀၊ အမြင့် ၁၂ ပေရှိ သိုလှောင်ရုံတစ်လုံး၊ အလျားပေ ၁၀၀၊ အနံပေ ၃၀၊ အမြင့် ၁၄ ပေရှိ သိုလှောင်ရုံတစ်လုံး၊ အလျားပေ ၆၀၊ အနံပေ ၃၀၊ အမြင့် ၁၄ ပေရှိ သိုလှောင်ရုံ တစ်လုံးစသည့် သိုလှောင်ရုံသုံးခုတည်ရှိသည့် မြေ ၂.၄၉၈ ဧကအား တစ်နှစ်လျှင် ၁၄.၄ သိန်းမျှဖြင့် နှစ် ၂၀ စာချုပ်ချုပ်ဆိုငှားရမ်းထားသည်ကို တွေ့ရှိရသဖြင့် သိုလှောင်ရုံတစ်လုံး တစ်လငှားရမ်းခမှာ ၂၀၀၀၀ ကျပ်မျှသာကျသင့်သည်ကို တွေ့ရှိရပါကြောင်း၊
ယခုကာလဒေသ ငှားရမ်းခဈေးနှုန်းဖြင့် နှိုင်းယှဉ်ကြည့်ပါက ထိုသိုလှောင်ရုံ အနီးရှိ ပေ ၂၀ x ပေ ၆၀ အိမ်တစ်လုံးအား သိုလှောင်ရုံအဖြစ် ငှားရမ်းမည်ဆိုပါက တစ်လလျှင်ပျမ်းမျှငွေ ၁၀ သိန်း ကျပ်ခန့် ရှိနေပါကြောင်း၊ ပဲခူးမြို့ပေါ်ရှိ နိုင်ငံပိုင်အဆောက်အဦနှင့် မြေနေရာငါးနေရာကိုလည်း ငှားရမ်းကာလ နှစ် ၂၀၊ ၃၀၊ ၄၀ စာချုပ်များဖြင့် ကာလပေါက်ဈေးထက် လွန်စွာလျှော့နည်းသော ဈေးနှုန်းဖြင့် ငှားရမ်းထားသည်ကို တွေ့ရှိရသည့်အတွက် အဆိုပါငှားရမ်း ဖြစ်စဉ်များကြောင့် နိုင်ငံ့အတွက် ဘဏ္ဍာငွေများ များစွာနှစ်စဉ်ဆုံးရှုံးနေရပါကြောင်း၊ ထို့အပြင် စာချုပ်ချုပ်ဆို ငှားရမ်းစဉ်က သဘောတူ ထည့်သွင်းချုပ်ဆိုခဲ့သည့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်လုံးဝ မပတ်သက်သည့် လုပ်ငန်းများ လုပ်ကိုင်နေခြင်းသည် စာချုပ်ပါစည်းမျဉ်း၊ စည်းကမ်းများအား ချိုးဖောက်နေခြင်းပင်ဖြစ်ပါကြောင်း၊ တည်ဆဲဥပဒေများနှင့်အညီ ချုပ်ဆိုထားသည့် ငှားရမ်းစာချုပ်ပါ စည်းကမ်းများအား ဖောက်ဖျက်ခြင်း၊ ပဋိညာဉ်ဖောက်ဖျက်ခြင်းသည် ရာဇသတ်ကြီးအရလည်းကောင်း၊ တရားမကြောင်းအရ သော်လည်းကောင်း ပြစ်မှုကြောင်းအရ တရားစွဲဆိုနိုင်သည့်အတွက် အလိုအလျောက် စာချုပ်ပျက်ပြယ် စေပါကြောင်း၊
သို့ဖြစ်ပါ၍ ကာလပေါက်ဈေးနှင့်မကိုက်ညီဘဲ ပုဂ္ဂလိကသို့ BOT စနစ်ဖြင့် ငှားရမ်းထားသော နိုင်ငံတော်ပိုင် အဆောက်အဦနှင့် မြေနေရာများကြောင့် ပြည်သူ့ဘဏ္ဍာ ထိခိုက်နစ်နာနေရခြင်းအား မည်ကဲ့သို့အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။