(ဃ)-ကျိုင်းတုံမြို့ ရေပေးဝေရေး လုပ်ငန်းအသစ်တစ်ခု ထပ်မံဆောင်ရွက်နေမှုတွင် လိုအပ်လျက်ရှိသော ရန်ပုံငွေကို ပြည်ထောင်စုရန်ပုံငွေမှ ကူညီဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

 

ကျိုင်းတုံမြို့ ရေပေးဝေရေးလုပ်ငန်းကို ၁၉၉၇ ခုနှစ်မှစတင်၍ ၂၀၁၀ ခုနှစ်အထိ လုပ်ငန်းလုပ်ခဲ့ပါကြောင်း၊ ၎င်းလုပ်ငန်းက ဝေဖျန်းရေထွက်စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်းနှင့် နန့်ကင်ချောင်း ရေတင်ပန့်ဖြင့် ရေစုပ်တင်ခြင်း လုပ်ငန်းဖြင့် ရေပေးဝေခြင်းဖြစ်ပါကြောင်း၊ ရေလုပ်ငန်းများအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် ၄၅ သိန်း၊ စည်ပင်မှငွေကျပ် ၂၅ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၉၇ သိန်း အပါအဝင် စုစုပေါင်း ငွေကျပ် ၁၀၇ သိန်းရင်းနှီးမြှုပ်နှံ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဝေဖျန်းရေထွက်စိမ့်စမ်းရေတွင် မိုးရာသီ ရေထွက်နှုန်း ၄၂၉၂၀၀ ဂါလန်ရရှိသော်လည်း ဆောင်းရာသီနှင့်နွေရာသီတွင် ရေမရနိုင်ပါကြောင်း၊ အသုံးပြုသူပြည်သူ ၂၁၉၆၀ ဦးဖြစ်ပြီး ဆောင်းရာသီနှင့် နွေရာသီတွင် ရေလုံလောက်မှု မရှိပါကြောင်း၊ ဝေဖျန်းရေပေးဝေရေးဒေသတွင် တောင်ယာခုတ်ထွင် ရှင်းလင်းမှုများပြားလာခြင်းကြောင့် ရေနည်းပါးလာခြင်း ဖြစ်ပါကြောင်း၊ နန့်ခင်နွဲ့ရေစက်ရုံသည်လည်း မိုးရာသီတွင် ရေဂါလန် ၄၀၀၀၀၀ ခန့်ရှိပြီး နွေရာသီတွင် ရေခမ်းခြောက်လာ၍ ရေဂါလန် ၅၀၀၀၀ ခန့်သာ ပေးဝေနိုင်သဖြင့် ယခုအခါ အဆိုပါရေပေးရေး လုပ်ငန်းမှာလည်း ဆောင်ရွက်နိုင်ခြင်း မရှိခြင်းကြောင့် ယခင်က အသုံးပြုသူပြည်သူ ၃၉၇၆ ဦးအတွက် ရေပေးဝေနိုင်ခြင်းမရှိတော့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၁ ခုနှစ် ကျိုင်းတုံမှ (၈) မိုင်အကွာရှိ နန့်အောင်ချောင်းကို စတင်သွယ်ယူရေးအတွက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ ဦးစီး၍ နှစ်ဖက် ဌာနဆိုင်ရာများနှင့် မြို့နယ်ပြည်သူလူထုတို့မှ ပူးပေါင်းစီစဉ်ရာ (၈) မိုင် ရေပေးဝေရေးလုပ်ငန်းအား  ၂၀-၉-၂၀၁၁ ခုနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စည်ပင်သာယာရေးနှင့် ပြည်သူလူထုတို့ ပူးပေါင်း၍ ငွေကျပ် ၄၆၇၇ သိန်းဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ၂-၁၁-၁၁ ရက်နေ့တွင် လုပ်ငန်းပြီးစီးခဲ့ပါကြောင်း၊ လက်ရှိရေပေးဝေလျက်ရှိသည့် ကျိုင်းတုံမြို့ (၈) မိုင် ခန့်ကွာဝေးသည့် နန့်အောင်ချောင်းသည် မိုးရာသီ အချိန်တွင် တောင်ကျရေများ စုပေါင်းစီးဝင်၍ ရေများနောက်ကျိလာသည့်အတွက် သုံးစွဲရန်မသင့်ကြောင်းကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒေသအာဏာပိုင် အဖွဲ့အစည်းများ၏ လမ်းညွှန်ချက်အရ ကျိုင်းတုံ-တောင်ကြီးလမ်း ၁၁ မိုင်ရေထွက်မှ အင်းလေးကန် ကျောက်စီမြေထိန်း နံရံများပြုလုပ်ပြီး ရှစ်လက်မပိုက်လိုင်း ၁၅၀၀၀ ပေကို (၈) မိုင် ရေစုကန်သို့ သွယ်တန်းမည်ဖြစ်ပါကြောင်း၊ သွယ်တန်းခစုစုပေါင်း ခန့်မှန်းကုန်ကျမည့် တန်ဖိုးမှာ ၃၃၄၂၅၀၀၀၀ ကျပ် ထပ်မံလိုအပ်လျက်ရှိပါကြောင်း၊ လိုအပ်ငွေများကို ကျိုင်းတုံမြို့ စည်ပင်သာယာရေးကော်မတီမှ ဒေသခံများ၏ ပူးပေါင်းဆောင်ရွက် ထည့်ဝင်နိုင်ရေး ဆောင်ရွက်လျက်ရှိသော်လည်း လိုအပ်သည့်ငွေပမာဏ များပြားသည့်အတွက် တတ်နိုင်မည် မဟုတ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်သိန်း ၅၀၀ ကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ရှစ်လက်မပိုက် ၂၅၀ ချောင်းဝယ်ယူရန် သုံးစွဲမည်ဖြစ်ပါကြောင်း၊ ရေသွယ်တန်းမှုပြီးစီးသည့်အခါ ရေပေးဝေရေး လုပ်ငန်းစတင်၍ ကျိုင်းတုံမြို့ပေါ်ရှိပြည်သူများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ တပ်ရင်းတပ်ဖွဲ့များ၊ ဘုန်းတော်ကြီးကျောင်းများ၊ ကျိုင်းတုံတက္ကသိုလ်မှ ကျောင်းသား/သူများ၊ ဝန်ထမ်းများ နွေ၊ မိုး၊ ဆောင်း ရာသီမရွေးသန့်ရှင်းကြည်လင်သောရေကို လုံလောက်စွာ ရရှိမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျိုင်းတုံမြို့ရေပေးဝေရေးလုပ်ငန်း အသစ်တစ်ခုထပ်မံဆောင်ရွက်နေမှုကို လိုအပ်လျက်ရှိသော ရန်ပုံငွေကို ပြည်ထောင်စုရန်ပုံငွေမှ ကူညီဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။