(ခ)-တမူးမြို့အတွင်းရှိ တမူး-ကလေး-ကလေးဝလမ်းမကြီးအား မြို့ရှောင်လမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့အတွင်းမှာ တမူး-ကလေး-ကလေးဝလမ်းမကြီးဟာ တောင်နဲ့မြောက်ဖြတ်သန်း လျက်ရှိပါတယ်။ တမူးမြို့မှာ မိုးများတဲ့ အချိန်ကာလများမှာ အနောက်ဘက်တောင်တန်းပေါ်ကနေ စီးကျလာတဲ့ ရေများဟာ အရှေ့ဘက် မြို့တွင်းသို့စီးဆင်းရန် တမူး-ကလေး ကားလမ်းမကြီးကို ဖြတ်သန်းစီးဆင်းရပါတယ်။ အဲ့လို စီးဆင်းတဲ့ အခါမှာ ကားလမ်းမကြီးကို ဖြတ်ပြီးတော့မှ အရှေ့နဲ့အနောက် ပြွန်လုံးများမြုပ်ထားမှု အားနည်းနေတဲ့ အတွက် ရေစီးဆင်းမှုများ လျင်မြန်မှုမရှိတဲ့အတွက် တောင်ခြေမှာရှိတဲ့အိမ်များဟာ ရေနစ်မြုပ်မှုများနဲ့ ကြုံတွေ့ကြရပါတယ်။ တစ်ခါတစ်ရံ နှစ်ရက်သုံးရက်ခန့်ထိ ကြာတတ်ကြောင်း တွေ့ရှိရပါတယ်။ မိုးကုန် သွားသော်လည်းပဲ ရေအိုင်များဖြစ်ထွန်းပြီးတော့မှ အိမ်များအကြားရေများ ကျန်ရစ်နေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ပြွန်ပိုက်လုံးများကို စနစ်တကျ နေရာအလိုက် ပြန်လည်ဖောက်လုပ် မြှုပ်နှံပေးမယ်ဆိုရင် ရေစီးရေလာကောင်းမွန်သွားပြီးတော့မှ ရေကြီးရေလျှံမှုကိုလည်းပဲ အထိုက် အလျောက် ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အဲ့ဒီလမ်းမကြီးဟာ ယခုအခါမှာ အဝေးပြေးလမ်းမကြီးအဖြစ် သတ်မှတ်ထားတဲ့အတွက် မြို့တွင်းလမ်းရဲ့တစ်ဖက်တစ်ချက် ပေ ၅၀ လမ်း ရဲ့အကျယ် ‌ပေ ၁၀၀ ကိုယူမယ်ဆိုရင် ယခုမြို့ထဲမှာရှိတဲ့အိမ်များဟာ နောင်မှာအခက်အခဲများနဲ့ တွေ့ရှိ လာရမှာဖြစ်ကြောင်း ပြည်သူများက တင်ပြလာကြပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူများက မြို့ရဲ့ အနောက်ဘက်တောင်ကြောမှာ မြို့ရှောင်လမ်းတစ်ခု ဖောက်လုပ်ပေးစေလိုကြောင်း တင်ပြလာခဲ့ပါ တယ်။ မြို့ရဲ့ Town Plan ရေးဆွဲတဲ့နေရာမှာလည်းပဲ မြို့ရှောင်လမ်းဖောက်လုပ်ဖို့အတွက် လျာထား ကြောင်းလည်းတွေ့ရှိရပါတယ်။ ဒီလမ်းကို ဖောက်လုပ်ပေးခြင်းအားဖြင့် မြို့ရှောင်လမ်းတစ်ခုတည်း သာမကဘဲနဲ့ မိမိတို့နိုင်ငံနဲ့ အိန္ဒိယနိုင်ငံနယ်နိမိတ်အားလည်းပဲ အတိုင်းအတာတစ်ခုအထိ ကာကွယ်ပြီး ဖြစ်သွားမည်ဖြစ်ကြောင်းလည်းပဲ တင်ပြလိုပါတယ်။ မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ များ၊ ရပ်ကွက်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီများနဲ့ မြို့မိမြို့ဖများတွေ့ဆုံပွဲမှာ မိမိအား အထက်အဖွဲ့အစည်းအဆင့်ဆင့်သို့ တင်ပြပေးရန် အကြံပြုလာတဲ့အတွက် ဒေသခံပြည်သူများရဲ့ ကိုယ်စား အောက်ပါမေးခွန်းများအား လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာမေးမြန်းအပ်ပါ တယ်။ (၁) အထက်ဖော်ပြပါ ပြည်သူများ၏လိုလားချက်ဖြစ်သော အနောက်ဘက်တောင်ကုန်း        ပေါ်တွင် မြို့ရှောင်လမ်းအားဖောက်လုပ်ပေးရန် အစီအစဉ်ရှိပါသလား။ (၂) မြို့ရေကြီးရေမြုပ်ခြင်းမှ ကာကွယ်ပေးရန်အတွက် လမ်းမကြီးအားဖြတ်လျက် လိုအပ်သောနေရာများတွင် ရေထုတ်ပြွန်များကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိပါသလား။ (၃) ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါသဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာမေးမြန်းပါသည်။