(ဆ)-ဂုတ်တွင်းကားလမ်းတွင် တောင်နှစ်လုံးဆက်သွယ်သည့် တံတားကြီးဆောက်လုပ်မည့် အစီအစဉ်ရှိ၊ မရှိနှင့် ဆောက်လုပ်ရန် အစီအစဉ်ရှိပါက မည်သို့ စီမံဆောင်ရွက်ထားသည်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မန္တလေး-လာရှိုး-မူဆယ်ကားလမ်းပေါ်မှာရှိတဲ့ ကျောက်မဲမြို့နယ်အတွင်း ဂုတ်တွင်းအတက်အဆင်း ကားလမ်းပိုင်းဟာ တစ်ဆစ်ချိုးအကွေ့အကောက်အလွန်များပြားပြီးတော့ မတ်စောက်တဲ့ အတက် အဆင်းလမ်းပိုင်းဖြစ်ပါတယ်။ ယခုအခါ ကုန်စည်သယ်ယူပို့ဆောင်မှုမှာ ပေ ၄၀ ကျော်ရှည်လျားတဲ့  ၂၂ ဘီး ကုန်တင်တွဲယာဉ်များကို များစွာအသုံးပြုလာတဲ့အတွက်ကြောင့်မို့လို့ အသုံးပြုလာတဲ့အပြင် တိုးဂိတ်များမှ ရရှိခဲ့တဲ့ မှတ်တမ်းများအရ နေ့စဉ် ယာဉ်ကြီး၊ ယာဉ်ငယ် ၁၀၀၀ ကနေပြီးတော့ ၁၈၀၀ အကြား ဖြတ်သန်းသွားလာနေတဲ့အတွက်ကြောင့်မို့လို့ လမ်းကြောပိတ်ဆို့မှုနှင့် ယာဉ်မတော်တဆမှု တွေများစွာဖြစ်ပွားနေတာကို တွေ့ရှိရပါတယ်။ ထိုပြဿနာတွေ ပြေလည်စေရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန် သွက်လက်စေဖို့အတွက် ဂုတ်တွင်းအကြားတောင်နှစ်လုံးကို ဆက်သွယ်ပြီးတော့ အရှည်ပေ ၂၀၀၀ ခန့်ရှိမယ့် ၂ လမ်းသွား တံတားကြီးတစ်ခု တည်ဆောက်နိုင်မယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ ထင်မြင် ယူဆပါတယ်။ ထိုသို့ တံတားဆောက်လုပ်ဖို့အတွက် ပြည်ပနိုင်ငံ နှစ်နိုင်ငံကလည်း စိတ်ဝင် စားပြီးလာရောက်လေ့လာမှုရှိခဲ့ကြောင်း သိရှိရပါတယ်။ ဒါကြောင့် ဂုတ်တွင်းကားလမ်းမှာ တောင်နှစ် လုံးဆက်သွယ်တဲ့ ထိုကဲ့သို့သော တံတားတည်ဆောက်မယ့် အစီအစဉ်ရှိ၊ မရှိနှင့် ဆောက်လုပ်ရန် အစီအစဉ်ရှိပါက မည်ကဲ့သို့ စီမံဆောင်ရွက်ထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။