(ဈ)-ရန်ကုန်-မန္တလေးအမြန်လမ်းများတွင် ရပ်နား၊ စားသောက်နေရာများ တိုးချဲ့ဆောက်လုပ်ရေးနှင့် (Road Sign) လမ်းဘေးသတိပေးဆိုင်းဘုတ်များ အင်္ဂလိပ်စာဖြင့် ရေးသားထားရေးနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ရန်ကုန်-နေပြည်တော် အမြန်လမ်းမ ဟာ မိုင် ၂၀၀ ကျော်ရှိပြီးတော့ အခု ဖွင့်လှစ်သွားလာနေသည်မှာ ၃ နှစ်ကျော်ရှိပါပြီ။ ထိုနည်းတူပဲ နေပြည်တော်-မန္တလေးအမြန်လမ်းမကြီးလည်း တစ်နှစ်နီးပါးခန့် ဖွင့်လှစ်သွားလာလျက်ရှိပါတယ်။ ဒီလမ်းမကြီး ၂ ခုဟာ ကျွန်တော်တို့ ပြည်နယ်/တိုင်းဒေသကြီးများမှ လွှတ်တော်ကိုယ်စားလှယ်များနဲ့ လုပ်သားပြည်သူများ အချိန်တိုတိုနဲ့ ခရီးသွားလာလို့ရပြီဖြစ်ပါတယ်။ ဒီ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးကို ဖြစ်မြောက်အောင်၊ ပြီးစီးအောင်ဆောင်ရွက်ပေးခဲ့တဲ့ ယခင်အစိုးရနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ကိုလည်း အထူးပဲကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး အချိန်ကုန် သက်သာစွာနဲ့ ခရီးရောက်အောင် ဆောင်ရွက်ပေးခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီလမ်းမကြီးကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဦးဆောင်ပြီးတော့ တိုင်းရင်းသားကုမ္ပဏီများနဲ့ အပိုင်းလိုက်ခွဲပြီးတော့ ဖောက်လုပ်ခဲ့ကြကြောင်း ကြားသိရပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များသွားလာ နေကြရာမှာ ရန်ကုန်-မန္တလေးအမြန်လမ်းမတစ်လျှောက် ထပ်မံလုပ်ဆောင်စရာတွေ၊ ပြုပြင်စရာတွေ အများကြီးရှိနေကြောင်း တွေ့မြင်ရပါတယ်။ အကျဉ်းချုံးပြီးဖော်ပြရရင် အမြန်လမ်းမကြီးတစ်လျှောက် ဘေးဘယ်ညာ အားလုံးကာရံထားမှုမရှိခြင်း၊ ရပ်နားစားသောက်ဆိုင်များကို မိုင် ၅၀ အကွာတွင် ဆောက်လုပ်ပေးထားမှုမရှိခြင်း၊ လမ်းဘေးသတိပြုဆိုင်းဘုတ်များကို မြန်မာဘာသာဖြင့်သာရေးသားပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးသားမှုမရှိခြင်းနှင့် ကွန်ကရစ်လမ်းဖြစ်၍ ညီညာမှုမရှိသည့်အပြင် ကားတာယာများ ကြာရှည်ခံနိုင်မှုမရှိခြင်းစသည်တို့ကို တင်ပြသွားမှာဖြစ်ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ အမှန်တကယ် ရန်ကုန်-မန္တလေးအမြန်လမ်းမှာ လူ၊ တိရစ္ဆာန်နှင့် ယာဉ်များ အားလုံး လုံးဝဖြတ်သန်း၍မရအောင် အကာအရံအတားအဆီးရှိရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားသားတချို့ အခုဆိုလို့ရှိရင်အမြန်လမ်းမမှာ ကိုယ်တိုင်မောင်းနှင်ခြင်းမျိုးရှိလာပါတယ်။ ထိုသို့ မောင်းနှင်တဲ့အခါ မှာ ဖြတ်သန်းသွားလာတဲ့ လူ၊ တိရစ္ဆာန်များကို တိုက်ခိုက်မိပါက မောင်းနှင်သူမှာ တာဝန်မရှိပါ။ တိုက်ခိုက်ခံရသူ၌သာ တာဝန်ရှိပါသည်။ ထိုသို့ မတော်တဆတိုက်ခိုက်မှုဖြစ်ပါက အနီးအနားမှာရှိတဲ့ ပြည်သူ့ရဲနဲ့ ရပ်ကျေးအုပ်ချုပ်သူများက ယာဉ်မောင်းသူအပေါ်၌ တာဝန်ရှိသည်ဟု မှားယွင်းစွာ စွပ်စွဲလာတတ်ပါတယ်။ ဒီကိစ္စယာဉ်မောင်းသူနိုင်ငံခြားသားကလည်း ကျွန်တော်တို့ လူ၊ ယာဉ်များ စည်းကမ်းမရှိ၍ ဖြစ်ရတဲ့အတွက်ကြောင့် လုံးဝကျေနပ်မှုမရှိကြောင်းကို ကြားသိနေရပါတယ်။ ၎င်းအပြင် ကျွန်တော်တို့ရဲ့ မော်တော်ဆိုင်ကယ်များ၊ ထော်လာဂျီများ၊ စက်ဘီးများ လမ်းပြောင်းပြန် မောင်းနှင်ခြင်း၊ လမ်းဟိုဘက်ဒီဘက်ဖြတ်ကူးခြင်းများကြောင့် မတော်တဆတိုက်ခိုက်မှုများလည်း မကြာခဏဖြစ်နေကြောင်းကိုလည်း ကြားသိနေရတဲ့အတွက် လမ်းမကြီးရဲ့ ဘယ်ဘက်ညာဘက်ကို လည်း အကာအရံများ ပြည့်စုံစွာ ဆောက်လုပ်ကာရံပေးထားသင်‌့ကြောင်း တင်ပြအပ်ပါတယ်။ ဒီအတွက်လည်း ယခုနှစ်ဘတ်ဂျက်မှာ ကာရံဖို့အတွက် ချထားပေးတာကိုလည်းတွေ့ရတဲ့အတွက် ကြောင့် အမြန်ဆုံးအကောင်အထည်ဖော်ပေးပါလို့ ထပ်မံတင်ပြလိုပါတယ်။ ဒုတိယအချက်ကတော့ မော်တော်ယာဉ်ကားကြီး၊ ကားငယ်များဟာ ရန်ကုန်-မန္တလေး-နေပြည်တော်၊ ရန်ကုန်-နေပြည်တော် ၁၁၅ မိုင်စခန်းနဲ့ နေပြည်တော်-မန္တလေး ၈၅ မိုင်တို့၌သာ ရပ်နားစားသောက်၊ အပေါ့၊ အလေးသွား ကြရပါတယ်။ ယခုကဲ့သို့ ခရီးမိုင်ရှည်လျားစွာဖြင့် သွားလာရတဲ့အခါမှာ လူကြီးများနဲ့ ကလေးများ အတွက် အပေါ့၊ အလေးသွားရန် အခက်အခဲရှိနေကြပါတယ်။ ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-မန္တလေးအမြန် လမ်းမတစ်လျှောက် မိုင် ၅၀ စီအကွာမှာ ကားများရပ်နားရာနှင့် အစားအသောက်ဆိုင် များ၊ ကျန်းမာရေးလေ့ကျင့်စခန်းပိုက်လိုင်းများ ပြုလုပ်ပေးထားသင်‌့ပါတယ်။ ထိုသို့ ခရီးသွားယာဉ် များဟာ လမ်းမရဲ့ ဘယ်ညာအသွားအပြန် ကားလမ်းရဲ့ ညာဘက်တွင် ရပ်နားစားသောက်ပြီး ညာဘက် အတိုင်း ဆက်လက်ထွက်ခွာသွားကြရန် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါ နိုင်ငံခြားသား ခရီးသည်များလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာ၍လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ မှာ အရှေ့တောင်အာရှ SEA Game အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံသို့ရောက်ရှိလာမည့် နိုင်ငံခြားသားများအားလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းမဘေး ဘယ်ညာတစ်လျှောက် မြန်မာ ဘာသာဖြင့် သတိပေးဆိုင်းဘုတ်များအပြင် ကမ္ဘာသုံးအင်္ဂလိပ်ဘာသာအဖြစ်လည်း Road Sign များကို ရေးသားထားပေးပါက အလွန်ပင် လျော်ကန်သင်‌့မြတ်မည်ဟု ထင်မြင်မိပါတယ်ခင်ဗျား။ နောက်ဆုံးအချက်အနေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် ကွန်ကရစ်လမ်းဖြင့်ခင်းထား သည်မှာ ညီညာမှုမရှိတဲ့အပြင် တံတားများကို ဖြတ်ကျော်ရာတွင် ဒုံး၊ ဒိုင်းမည်ပြီးတော့ အသံများလည်း အလွန်အမင်း ဆူညံပါတယ်။ ရန်ကုန်မှ နေပြည်တော်သို့ ၈၅ မိုင် မိုင်တိုင်အထိ ကွန်ကရစ်လမ်း ခင်းထားခြင်းသည် အလွန်ပင်ဆိုးရွားနေပါသည်။ ကားတာယာများလည်း သက်သာစေရန်အတွက် ကတ္တရာထပ်ပိုးလွှာများကို အမြန်ဆုံးထပ်မံခင်းသင်‌့ပါကြောင်း မေးမြန်းတင်ပြပါသည်။