(ည)-ရန်ကုန်-ပြည် မော်တော်ကားလမ်းပိုင်းအား လိုအပ်ချက်အရ အလျင်အမြန်တိုးချဲ့ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ရန်ကုန်-ပြည်မော်တော် ကားလမ်းဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး စတင်ဖောက်လုပ်ခဲ့တဲ့ လမ်းတစ်လမ်းဖြစ်ပါတယ်။ လက်ရှိအနေအထား မှာ ရန်ကုန်-လက်ပံတန်းလမ်းအပိုင်းမှာ ၂၂ ပေကျယ်ဝန်းပြီးတော့ လက်ပံတန်း-ပြည်လမ်းပိုင်းမှာ ၁၈ ပေကျယ်ဝန်းပါတယ်။ ယနေ့အနေအထားမှာ နိုင်ငံတော်မှ မော်တော်ယာဉ်များတင်သွင်းခွင့်ပေးပြီး နောက်ပိုင်းမှာ ခရီးသည်တင်ယာဉ်ကြီးများ အသွားအပြန် တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်ရှောင်ကြရာမှာ အင်မတန်အန္တရာယ်ကြီးမားစွာ သွားလာနေကြသည်မှာ နေ့စဉ်နှင့်အမျှ ဖြစ်ပါတယ်။ အထူးသဖြင့် ခရီးသည်တင်ကားကြီးများမှာ ပြည်သူများစီးနင်းလာပြီဖြစ်ရာ ခရီသည်တင်ကားကြီးများနှင့် ကုန်တင်ယာဉ်များ၊ ၁၂ ဘီးယာဉ်များ၊ လောင်စာဆီတင်ယာဉ်ကြီးများ  သံချောင်းများတင်ဆောင်ထား သည့် ဝန်တင်ယာဉ်ကြီးများ ရှည်လျားမှုကြောင့် တစ်စီးနှင့် တစ်စီးအရှိန်ဖြင့် ရှောင်တိမ်းကြရာမှာ လမ်းကျဉ်းမြောင်းပြီး လမ်းပခုံးညီညာမှုမရှိခြင်းတို့ကြောင့် အင်မတန် အန္တရာယ်ကြီးမားစွာသွားလာ မောင်းနှင်နေကြရပါတယ်။ ယာဉ်မတော်တဆမှုအများဆုံး ဖြစ်ပွားတဲ့တိုင်းများမှာလည်း ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအပါအဝင် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူများ ယာဉ်မတော်တဆမှုမှ ကင်းဝေးစေရေးအတွက် ပြည်သူများရဲ့ လိုလားတောင့်တချက်အရ အောက်ပါမေးခွန်းများကို မေးမြန်းရခြင်းဖြစ်ပါတယ်။ မေးခွန်း(၁) ရန်ကုန်-ပြည်မော်တော်ကား လမ်းပိုင်းအား လိုအပ်ချက်အရ အလျင်အမြန်တိုးချဲ့ပေးရန် အစီအစဉ် ရှိ၊ မရှိသိလိုပါတယ်။ မေးခွန်း (၂) တိုးချဲ့ပေးရန်အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကို သိလိုပါကြောင်းမေးမြန်းပါသည်။