(ဇ)-တောင်သူလယ်သမားများ အတိုးကြွေးနွံနစ်ပြီး ဆင်းရဲမှုတိုးပွားရေးကို ရှေးရှုနေခြင်းမှ ကာကွယ်တားဆီး ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်လို့ ပထမအချက်အနေနဲ့ တောင်သူလယ်သမားများ အတိုးကြွေးနွံ နစ်ပြီးတော့ ဆင်းရဲနွမ်းပါးမှုတိုးပွားမှုဖြစ်ရခြင်းအကြောင်းကို တင်ပြပါမယ်။ တောင်သူလယ်သမားများ ဟာ ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ စုစုပေါင်း သုံးနှစ်နီးပါးခန့် စိုက်ပျိုးရာသီတွေမှာ (၁) ရာသီ ဖောက်ပြန်မှု၊ (၂) ရေကြီးရေလျှံမှု၊ (၃) ပိုးမွှားရောဂါကျရောက်မှု စတာတွေကြောင့် စပါးရော၊ ပဲပါ အထွက်နှုန်းလျော့နည်းပြီးတော့ သီးနှံဈေးနှုန်းမှာ ကျဆင်းမှုကြောင့် နှစ်စဉ်ဆက်တိုက်အရှုံးပေါ်ကာ ကြွေးမြီဝန်ထုပ်ဝန်ပိုးဒဏ်ကို မြန်မာ့တောင်သူလယ်သမားများ အလူးအလဲခံနေကြရပါတယ်။ စိုက်ပျိုး စရိတ် ချေးငွေပြန်ဆပ်ဖို့ မပြေလည်ကြလို့ ရှိတာပေါင်နှံရောင်းချအတိုးကြီးနှင့် ထပ်ချေးဆပ်ကြရပါ တယ်။ တောင်သူလယ်သမားများခမျာ သုံးနှစ်နီးပါးဆက်တိုက်ရှုံးတော့ ပုဂ္ဂလိကချေးတဲ့ငွေတွေကို ပြန်မဆပ်နိုင်ကြလို့ အတိုးနှင့်အရင်းပေါင်း အတိုးပေါ်အတိုးဆင့် လယ်သိမ်း၊ နွားသိမ်း၊ မြေသိမ်း၊ အိမ်သိမ်းတာတွေတောင်ခံကြရပါတယ်။ တချို့တရားစွဲခံရလို့ ရှိတာအကုန်အကြွေးထိုးဆပ်ပြီးတော့ တစ်ဖက်နိုင်ငံမှာ ရရာအလုပ်သွားလုပ်ကြရပါတယ်။ လူကုန်ကူးမှုကိုလည်း အကြီးအကျယ်ခံကြရ ပါတယ်။ အကြွေးမဆပ်နိုင်လို့ ထွက်ပြေးတိမ်းရှောင်နေကြရသူတွေလည်း ရခဲလှတဲ့လူ့ဘဝကို အဆုံးစီရင်သွား သူတွေတောင်ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ ထမင်းရှင်တွေသည် တကယ်ဆင်းရဲ နေကြပါတယ်။ 
ဒုတိယအချက်အနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေများ အပြည့်အဝရရှိစေရေးနှင့်ပတ်သက်လို့ တင်ပြပါမယ်။ လယ်တစ်ဧက စိုက်ပျိုးစရိတ်ကုန်ကျမှုဟာ ပျမ်းမျှငွေကျပ် ၁၅၀၀၀၀ မှ ၁၈၀၀၀၀ ခန့် အထိ ကုန်ကျပါတယ်။ အစိုးရက လယ်တစ်ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၅၀၀၀၀ နှုန်းနှင့် လယ်သမားတစ်ဦးကို ၁၀ ဧကအထိပဲ ချေးပေးပါတယ်။ ကျွန်တော်တို့ သနပ်ပင် မှာတော့ တကယ်လယ်သမားရတာ ၉ ဧကအထိပဲရပါတယ်။ လယ်ရှိသူက ချေးငွေမရဘဲနှင့် လယ်မရှိသူက ချေးငွေယူတာတွေလည်း ရှိနေပါတယ်။ စိုက်ပျိုးရေးဘဏ်ဝန်ထမ်းတွေနဲ့ပေါင်းပြီးတော့ အမည်ပေါက် နာမည်အမျိုးမျိုးပြောင်းရပါတယ်။ ဝိုင်းကြီးချုပ်စနစ်နဲ့ ပေးချေတဲ့စနစ်မို့လည်း တစ်ရွာလုံးကြေမှ ပြန်ထုတ်ချေးပေးပါတယ်။ ယခုနှစ်စိုက်ပျိုးစရိတ်ကို မိုးရာသီမှာကော အခုဆောင်းရာသီမှာပါ နောက်ကျပြီးမှ ထုတ်ချေးပြီးတော့ စိုက်ပျိုးစရိတ်မဟုတ်ဘဲနှင့် ရိတ်သိမ်းစရိတ် ဖြစ်နေပါတယ်။ တောင်သူလယ်သမားများမှာ အမှန်တကယ်အရင်းအနှီးလိုအပ်ချိန်မှာ ချေးငွေမရဘဲ နှင့် နောက်အတော်ကြာမှ ရကြပါတယ်။ စိုက်ပျိုးစရိတ် အရင်းမလုံလောက်တဲ့အတွက် ဖြစ်သလို စိုက်ပျိုးကြရပါတယ်။ အကွက်ပြည့်အောင်လည်း မစိုက်နိုင်ဘဲနှင့် ဖြစ်ကြရပါတယ်။ လုပ်အား အရင်းအနှီးကို ပြင်ပပုဂ္ဂလိကထံက အတိုးကြီးကြီးနဲ့ ချေးယူသုံးစွဲစိုက်ပျိုးကြရပါတယ်။ စိုက်ပျိုးစရိတ် ချေးငွေနှင့်ပတ်သက်လို့ (၁) လယ်သမားများ အမှန်တကယ်လိုအပ်ရင် တစ်ဧကကို ကျပ်တစ်သိန်းနှုန်း အထိ ထုတ်ချေးပေးပါ။ (၂) အမှန်တကယ်စိုက်ပျိုးတဲ့ လယ်ဧကအရှိအတိုင်း အလုံအလောက် ထုတ်ချေးပေးပါ။ (၃) စိုက်ပျိုးစရိတ်ကို အချိန်အခါမီ ထုတ်ချေးပေးပါ။ (၄) သဘာဝ ဘေးအန္တရာယ် ကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပါက ချေးငွေများကို ဆိုင်းငံ့ပေးပါရန်နှင့် (၅) တစ်ရွာလုံးဝိုင်းကြီးချုပ်စနစ် အားလည်း ပြန်လည်သုံးသပ်ပြင်ဆင်ပေးပါရန် တင်ပြပါတယ်။ 
တတိယအချက်အနေနဲ့ ရေသွင်းရေထုတ်စနစ်များ ကောင်းမွန်အောင်ပြုပြင်ပေးရေး တင်ပြပါ မယ်။ ရေကြီးရေလျှံဖြစ်ရတဲ့ အဓိကအကြောင်းအရင်းမှာလည်း မြစ်ချောင်းများတိမ်ကောလာခြင်းနှင့် မြစ်ချောင်းပိတ်ငါးဖမ်းခြင်းများကြောင့်ပဲ ဖြစ်ပါတယ်။ မြစ်ကြောင်းများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ဖို့ လိုအပ်သလို ချောင်းများ၊ မြစ်များ၊ တိမ်ကောနေတာကိုလည်း ပြန်လည်တူးဖော်ပေးပြီး ရေထိန်းတံခါးများလည်း တည်ဆောက်ပေးသင့်ပါတယ်။ နိုင်ငံတော်မှ သိန်းပေါင်းများစွာ အကုန်ကျခံ တူးဖော်ပြုပြင်ပေးထားတဲ့ တူးမြောင်းများ၊ ယင်းများ၊ တာတမံများ ပိတ်၍ ငါးဖမ်းခြင်းလုပ်ငန်းများ လုပ်ကိုင်ခြင်းကိုလည်း တားမြစ်သင့်ပါတယ်။ တာတမံများပိတ်၍ ငါးဖမ်းခြင်းကြောင့် နုန်းကို ပျက်စီး စေပါတယ်။ အင်းများကရရှိတဲ့ အခွန်ငွေထက် ချောင်းမြောင်းများ ပြန်လည်တူးဖော်စရိတ်နှင့် လယ်သမားများ စပါးထွက်ရှိရေး ထိခိုက်ဆုံးရှုံးမှုက ပိုကြီးပါတယ်။ လယ်သမားများနှင့် ငါးသမားများ ပဋိပက္ခရန်ပွဲများဟာလည်း ဒေသမြို့နယ်အတော်များများမှာ ဖြစ်ပွားလျက်ရှိနေပါတယ်။ ရေသွင်း ရေထုတ်မြောင်းများနှင့်အတူ ကုန်ထုတ်ဆက်သွယ်ရေးလမ်းများကိုပါ တစ်ပါတည်း တည်ဆောက်သွား သင့်ပါတယ်။ မိမိတို့ရဲ့ ရှေ့ရောက်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဆည်တည်ဆောက်ပုံစနစ်၊ လယ်ကြား မြောင်းများ၊ ရေသွင်းရေနုတ်မြောင်းများ၊ ရေအလေအလွင့်မရှိအောင် တည်ဆောက်ထားပုံ၊ ရေကြီးရေလျှံမဖြစ်အောင် ဆောင်ရွက်ပုံတွေကို ကုန်ထုတ်ဆက်သွယ်ရေးလမ်းများ တည်ဆောက်ပုံ တွေကို နမူနာယူလေ့လာဆောင်ရွက်သင်‌့ပါတယ်။ အဓိကအကြံပြုချင်တာကတော့ (၁) ငွေကုန် ကြေးကျများတဲ့ ဆည်အသစ်တွေဆောက်တာကို ရပ်ဆိုင်းထားပါ။ (၂) အထက်မြန်မာပြည်မှာ ရေရှားပါးမှုအတွက် ရှိပြီးသားဆည်တွေကို စွမ်းအားမြင့်အောင် ပြုပြင်ပေးပါ။ (၃) ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတွေမှာ ရေကြီးရေလျှံမှုမဖြစ်အောင် ရေကို လိုအပ်သလိုသွင်းထုတ်နိုင်အောင် ဆောင်ရွက်ပေးသင့်ပါတယ်။ 
စတုတ္ထအချက်အနေနဲ့ စိုက်ပျိုးစရိတ် နည်းပညာနှင့် မျိုးကောင်းမျိုးသန့်များ ရရှိရေးကို တင်ပြ ပါမယ်။ စိုက်ပျိုးစရိတ်နည်းပညာကို မြန်မာနိုင်ငံမှာ အခြေခံပညာကစလို့ သင်ရိုးညွှန်းတမ်းများမှာပါ ရေးဆွဲပြဋ္ဌာန်းသင့်ပါတယ်။ စိုက်ပျိုးနည်းပညာကို ရက်ရှည်သင်တန်းများပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ များ၊ ပညာပေးဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ မီဒီယာမျိုးစုံအသုံးပြုလို့ ပညာပေးခြင်း၊ စိုက်ပျိုးရေး နည်းပညာဖွံ့ဖြိုးထွန်းကားသော ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးများကို တောင်သူလယ်သမား များကိုပါ စေလွှတ်ပေးသင့်ပါတယ်။ သုတေသနဓာတ်ခွဲခန်းများလည်း တည်ဆောက်ပေးသင့်ပါတယ်။ မျိုးကောင်းမျိုးသန့် သုတေသနပြုလုပ်ပေးဖို့၊ ဒေသရာသီဥတုနဲ့ကိုက်ညီ၍ အရည်အသွေးမြင့် အထွက်နှုန်းကောင်းတဲ့စပါးများ အလုံအလောက်ရရှိရေး ဆောင်ရွက်ပေးသင့်ပါတယ်။ 
ပဉ္စမအချက်အနေနဲ့ လယ်ယာမြေ စနစ်ပြုပြင်ရန် လိုအပ်ပါတယ်။ လယ်ယာမြေတွေကို (၁) မြေမျက်နှာပြင်ညီညာအောင်ဆောင်ရွက်ခြင်း၊ (၂) လယ်ကွက်သေးများကို ဧကကွက်များ ဖော်ဆောင် ခြင်း၊ (၃) ရေသွင်းရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ (၄) ကုန်ထုတ်လမ်းများဖောက်လုပ်ခြင်းတို့ ဖြစ်ပါတယ်။ ယင်းလုပ်ငန်းများဟာ အရင်းအနှီး ကုန်ကျမှုများတဲ့အတွက် အစိုးရနှင့်ပုဂ္ဂလိကကုမ္ပဏီ များက ရင်းနှီးစိုက်ထုတ်လုပ်ကိုင်ပေးသင့်ပြီးတော့ တောင်သူလယ်သမားများ ရေနှင့်မြေသယံဇာတ များကို စွမ်းအားပြည့်အသုံးချနိုင်အောင် ဆောင်ရွက်ပေးသင့်ပါတယ်။ 
ဆဋ္ဌမအချက်အနေနဲ့ စိုက်ပျိုးရေးကျွမ်းကျင်ဝန်ထမ်းများ တိုးချဲ့ခန့်ထားပေးရေးနှင့် ပတ်သက် ၍ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် စိုက်ပျိုးရေးကျွမ်းကျင်ဝန်ထမ်းများကို တစ်ရွာလျှင် တစ်ယောက်နှုန်း အလုံအလောက်တိုးချဲ့ခန့်ထားပေးပြီး နည်းပညာပံ့ပိုးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသင့်ပါတယ်။ 
သတ္တမအချက်အနေနဲ့ ဈေးကွက်ခိုင်မာရေးနှင့် ပတ်သက်လို့ တင်ပြချင် ပါတယ်။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်ခိုင်မာဖို့၊ ဈေးနှုန်းအာမခံချက်ရှိဖို့ အရေးကြီးပါတယ်။ သီးနှံတွေ ဈေးကောင်းရဖို့ ဈေးကွက်ရှိတဲ့သီးနှံတွေကို လွတ်လပ်စွာ စိုက်ပျိုးနိုင်ဖို့ သတင်းအချက်အလက်တွေကို အချိန်နှင့်တစ်ပြေးညီရဖို့ သိရှိဖို့လည်း လိုအပ်ပါတယ်။ ဈေးကောင်း ရဖို့ အရည်အသွေးကောင်း ဆန်စပါးကို စိုက်ပျိုးထုတ်လုပ်ဖို့ လိုအပ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး က ထွက်တဲ့ပေါ်ဆန်းဟာ ပြည်တွင်းဈေးကွက်မှာ အလွန်လူကြိုက်များသလို အပြည်ပြည်ဆိုင်ရာ ဆန်စပါးပြိုင်ပွဲမှာ ၃ နှစ်ဆက်တိုက်ဆုရတယ်။ ပထမဆုအထိရခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အကြံပြုချင်တာက (၁) ဒေသရာသီဥတုနှင့်ကိုက်ညီပြီး အရည်အသွေးမြင့် အထွက်နှုန်းကောင်း စပါးမျိုးများကို ဈေးနှုန်းသက်သက်သာသာနှင့် အလုံအလောက်ဖြန့်ဖြူးပေးပါ။ (၂) ဈေးကွက်ခိုင်မာ တဲ့ သီးနှံများစိုက်ပျိုးနိုင်ရေးအတွက် သတင်းအချက်အလက်တွေကို အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေး ပါ။ ပံ့ပိုးကူညီဆောင်ရွက်ပေးပါ။ (၃) သွင်းအားစုများဖြစ်တဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများကို သက်သာတဲ့ဈေးနှုန်းနဲ့ လုံလောက်စွာ ဆောင်ရွက်ပေးပါ။ (၄) စံချိန်မီအရည်အသွေးမြင့် လယ်ထွန်စက်၊ ရိတ်သိမ်းစက်၊ ချွေလှေ့စက်၊ ကြိတ်ခွဲစက်များကို နှစ်တိုနှစ်ရှည်ချေးငွေများဖြင့် ရောင်းချပေးပါ။ (၅) တောင်သူလယ်သမားများ တစ်စုံတစ်ရာ အကျိုးအမြတ်ရှိမယ့် အခြေခံဈေးနှုန်း သတ်မှတ်ဝယ်ယူပေးပါ။ ဈေးနှုန်းကမောက်ကမဖြစ်တဲ့အခါမှာ အစိုးရက ဝင်ရောက်ထိန်းညှိပေးပါ။ 
အဋ္ဌမအချက်အနေဖြင့် တောင်သူလယ်သမားအဖွဲ့အစည်းများ စနစ်တကျဖွဲ့စည်းပေါ်ပေါက် စေရန် ဆောင်ရွက်ပေးရပါမယ်။ ဒါမှသာ တောင်သူလယ်သမားများက မိမိတို့ရဲ့ အခက်အခဲပြဿနာ များ အကျိုးခံစားခွင့်၊ ရပိုင်ခွင့်နှင့် လူမှုစီးပွားရေးဘဝ မြင့်မားတိုးတက်ရေးအတွက် ကိုယ်တိုင်ပါဝင် ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် တောင်သူလယ်သမားအဖွဲ့အစည်း နည်းဥပဒေကိုလည်း အမြန်ပြဋ္ဌာန်းပေးရန် လိုအပ်ပါတယ်။ သို့ပါ၍ မေးမြန်းလိုတဲ့ မေးခွန်းများမှာ (၁)တောင်သူလယ်သမား များ အတိုးကြွေးနွံနစ်ပြီး ဆင်းရဲမှု တိုးပွားရေးကို ရှေးရှုနေခြင်းမှ ကာကွယ်တားဆီးရေး၊ (၂) စိုက်ပျိုး စရိတ်ချေးငွေများ အပြည့်အဝရရှိစေရေး၊ (၃) ရေသွင်းရေထုတ်စနစ်များ ကောင်းမွန်အောင်ပြုပြင် ပေးရေး၊ (၄) ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ (၅) လယ်ယာမြေကို စနစ်တကျပြုပြင်ပေးရေး၊ (၆) စိုက်ပျိုးရေးနည်းပညာ၊ ကျွမ်းကျင်ဝန်ထမ်းများ တိုးချဲ့ခန့်ထားပေးရေး၊ (၇) ဈေးကွက်ခိုင်မာစေရေးနှင့် (၈) တောင်သူလယ်သမားအဖွဲ့အစည်းများ စနစ်တကျဖွဲ့စည်း ပေါ်ပေါက်စေရေးတို့ကို ပြည်ထောင်စုအစိုးရမှာ စနစ်ကျနစွာ စီမံခန့်ခွဲမှုဖြင့် အရှိန်မြှင့်ဆောင်ရွက် ပေးပါရန်အစီအစဉ်များရှိ၊ မရှိသိလိုပါကြောင်း မဲဆန္ဒရှင်များကိုယ်စား မေးမြန်းအပ်ပါတယ်။