(ဈ)-နမ့်လှဆည်ဆောက်လုပ်ရေးစီမံကိန်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မောက်မယ်မြို့နယ် စဉ့်ဝင်ကျေးရွာအုပ်စုတွင် တည်ရှိသော နမ့်လှဆည် ဆောက်လုပ်ရေးစီမံကိန်းနှင့်ပတ်သက်ပြီး မေးမြန်းမှာဖြစ်ပါတယ်ခင်ဗျား။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မောက်မယ်မြို့နယ်၏ အဓိကစိုက်ပျိုးသီးနှံသည် ဆန်စပါး ဖြစ်ပြီး ဒေသန္တရနယ်မြေအနေအထားအရ လယ်ကွင်းများဟာ မြို့ကို ဝန်းရံထားသော အနေအထားမှာ တည်ရှိပါတယ်။ မြို့၏အနောက်ခြမ်းတွင် နမ့်ဆိုင်းဆည်တည်ရှိပြီး မြို့၏မြောက်ဘက်ခြမ်းတွင် နမ့်တန် ဆည်တည်ရှိပါသည်။ မြို့၏အရှေ့ဘက်ခြမ်းတွင် နမ့်လှဆည်တည်ရှိပါတယ်ခင်ဗျား။ နမ့်လှဆည်ကို ယခင်က တောင်သူများ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် လက်ရိုက်ဆည်ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ကွန်ကရစ်ဆည်တည်ဆောက်ပေးခဲ့ရာ ယနေ့အထိဆိုလျှင် အချိန်ကာလအားဖြင့် ၇ နှစ်၊ ၈ နှစ် ဝန်းကျင်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယနေ့ တိုင် ရေပေးဝေနိုင်ခြင်းမရှိသေးပါ။ ထို့ကြောင့် ယခင်ဆည်ရေသောက်လယ်များမှာ ယာခင်းဖြစ်သွား ခြင်း၊ ရေတစ်လျှောက်ချောင်းများ ပျက်စီးခြင်းစသည့်ပြဿနာများ ပေါ်ပေါက်လာခဲ့ရပါတယ်။ နမ့်လှ ဆည်၏ အကျိုးပြုဧကကို ၃၅၈ ဧကဝန်းကျင်နှင့် နောက်ထပ်မျှော်မှန်းဧကများစွာ အကျိုးပြုနိုင်မည် ဟု မြို့နယ်ဒေသဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားပါသည်။ သို့ဖြစ်ပါ၍ နမ့်လှဆည်ဆောက် လုပ်ရေးစီမံကိန်းနှင့်ပတ်သက်ပြီး အောက်ပါမေးခွန်းများကို လွှတ်တော်မှတစ်ဆင့် ရိုသေစွာ မေးမြန်း အပ်ပါသည်။
မေးခွန်း(၁) မောက်မယ်မြို့နယ် စဉ့်ဝင်ကျေးရွာအုပ်စု နမ့်လှဆည်ဆောက်လုပ်ရေးနှင့် ပတ်သက်၍ မည်သည့်ကိစ္စရပ်များကြောင့် ကြန့်ကြာနေရပြီး မည်သည့်နှစ်တွင် အပြီးသတ် ဆောက်လုပ်နိုင်မည်နည်း။ မေးခွန်း(၂) နမ့်လှဆည်၏ အကျိုးပြုဧက စုစုပေါင်းတို့ကို သိရှိလိုပါသည်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။