(င)-သံဖြူဇရပ်မြို့နယ်အတွင်း ဆုတ်ယုတ်လာသော ပင်လယ်ငါးဖမ်းလုပ်ငန်းကို ပြည်ထောင်စုအစိုးရနှင့် မွန်ပြည်နယ်အစိုးရတို့ ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်ချက်များကို ပံ့ပိုးမြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ယခုအချိန်သည် ပါတီစုံဒီမိုကရေစီစနစ်ကို မြင်သာစွာ အကောင်အထည်ဖော်နေသည့်ကာလ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ဖော်ဆောင်ပြောင်းလဲရာတွင် Liberal Democracy ဖြစ်ရန် သတိထား သွားရပါကြောင်း၊ ဒီမိုကရေစီအရေးကိုတစ်ဖက်ကလုပ်ပြီး တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရန် တစ်ဖက်က အချိုးညီစွာလုပ်ရမည် ဖြစ်ပါကြောင်း၊ မိမိမြို့နယ် စီးပွားတိုးတက်ရန်အတွက် ရှိပြီးသား အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၏အခက်အခဲကို အလေးထားသုံးသပ်ပြီး အစိုးရ အကူအညီဖြင့် တိုးတက်အောင်လုပ်ဆောင်ရန် ကြိုးစားပါကြောင်း၊ ဆဋ္ဌမပုံမှန်အစည်းအဝေး နားသည့်ကာလတွင် ကျိုက္ခမီငါးလုပ်ငန်းရှင်များ၊ ကျိုက္ခမီကမ်းဝေးငါးလုပ်ငန်းရှင်များ၊ မြို့နယ်ငါး လုပ်ငန်းဦးစီးမှူးတို့နှင့် တွေ့ဆုံစည်းဝေးသည့်အခါ ၎င်းတို့တွေ့ကြုံနေရသည့် လုပ်ငန်းစိန်ခေါ်မှုက (၁) ငါးရစ်ထချိန်တွင် လုပ်ငန်းသုံးလပိတ်ပါကြောင်း၊ ယခင်က လုပ်ငန်း ၇၀ ရာခိုင်နှုန်းကိုခွင့်ပြုပြီး ၃၀ ရာခိုင်နှုန်းကို အလှည့်ကျပိတ်ပေးရသည်ဟုဆိုပါကြောင်း၊ ယခု ၁၀၀ ရာခိုင်နှုန်းလုံး လုပ်ငန်းပိတ်ရမည်ဟု ကြားပါကြောင်း၊ ငါးဖမ်းလုပ်ငန်းကို လူဦးရေ ၃၀၀၀ ခန့်က မှီခိုစားသောက် နေရသည့်အတွက် ၎င်းတို့၏စားဝတ်နေရေးကိုပါ ထည့်သွင်းစဉ်းစားပြီး ဖြေလျှော့ပေးစေ လိုကြပါကြောင်း၊ (၂) ငါးဖမ်းလုပ်ငန်းက ကမ်းနီး၊ ကမ်းဝေး နှစ်မျိုးရှိပြီး ကျိုက္ခမီတွင် ကမ်းဝေး ငါးဖမ်းလုပ်ငန်း ရှိပါကြောင်း၊ ငါးဖမ်းလှေများရှိ အင်ဂျင်များ ခေတ်မမီတော့ပါကြောင်း၊ အင်ဂျင်စက်အသစ်လဲရန် လှေအရွယ်အစားကလည်း ခေတ်နှင့်အညီ ပေ ၄၀ မှတိုးချဲ့ပေးရန် လိုအပ်သည့်အတွက် စက်လှေယာဉ်လိုင်စင် အသစ်ပြောင်းလဲပေးစေလိုကြပါကြောင်း၊ (၃) လုပ်ငန်းလိုင်စင်ကို ယခင်က ပြည်ထောင်စုလိုင်စင်ကို ရန်ကုန်အထိ တက်လုပ်ကြရပါကြောင်း၊ နောက်ပိုင်းတွင် အကြောင်းကြောင်းကြောင့် ပြည်ထောင်စုလိုင်စင်အစား ဒေသခံကမ်းဝေးလိုင်စင် သည် မွန်ပြည်နယ် နယ်နိမိတ်အတွင်းသာ ဖမ်းခွင့်ရှိပြီး တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ် ငါးဖမ်းကွက်များအထိ ဖမ်းခွင့်မရှိသည့်အတွက် ငါးအမိနည်းပြီး အကျိုးအမြတ်မရသည့်အပြင် အရှုံးပေါ်သည့်အခါပေါ်နေ၍ ပြည်ထောင်စုလိုင်စင်ကဲ့သို့ မြန်မာ့ပိုင်နက်အတွင်း မည်သည့်နေရာတွင် မဆို ဖမ်းခွင့်ရလိုကြပါကြောင်း၊ အခွန်ဆောင်ကျသင့်ငွေက အတူတူဖြစ်ပါကြောင်း၊ (၄) လှေဝင်ထွက်ရာ ကျားဆိပ်ချောင်းသည် ကောနေပြီးတစ်ကြိမ်လျှင် လှေတစ်စီးသာဝင်နိုင်တော့ သည့်အတွက် သောင်တူးစက်ဖြင့်ချောင်းကို ပြန်ချဲ့ပေးစေလိုကြပါကြောင်း၊ (၅) လှေဆိုက်ကပ်သည့် တံတားသည် ကိုယ့်အားကိုယ်ကိုးတံတာဖြစ်သည့်အတွက် ခဏခဏပျက်ပါကြောင်း၊ ငါးတင်ချချိန်လည်း အလွန်ကြာပါကြောင်း၊ အစိုးရဘတ်ဂျက်ဖြင့် အင်ဂျင်နီယာအမြင်နှင့် တံတားဆောက်ပေးပါက အချိန်တိုတိုနှင့် လုပ်ငန်းပြီးနိုင်ပါကြောင်း၊ တည်ဆောက်ပေးပြီး Jetty အသုံးပြုခကိုအစိုးရက ပြန်လည်ကောက်ယူပါဟု တင်ပြကြပါကြောင်း၊ (၆) နောက်ဆုံးအချက်အနေဖြင့် ငါးဖမ်းစက် လှေများပြုပြင်ရန်အတွက် လွန်းတင်ရန်နေရာတစ်ခု ဖော်ထုတ်ပေးစေလိုပါကြောင်း၊ လက်ရှိက ချောင်းနံဘေး အစိုးရပိုင်ဆားဝင်းမြေနေရာတစ်ခုတွင် ဆောင်ရွက်နေကြရပါကြောင်း၊ မြေခွန်ဆောင်ဆို လည်း ၎င်းတို့ဆောင်ပေးကြမည်ဟု တင်ပြကြပါကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းကာလများတွင် နိုင်ငံ့စီးပွားတိုးတက်မြင့်မားရန် SME လုပ်ငန်းများ ပံ့ပိုးမြှင့်တင်ရေးသည် အဓိကကျပါကြောင်း၊ လုပ်ငန်းများအတွက် ချေးငွေပေးရုံဖြင့် မလုံလောက်သေးပါကြောင်း၊ ယခုမိမိတင်ပြချက်များသည် ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်ဘတ်ဂျက်နှင့်မလုံလောက်၍ ပြည်ထောင်စုအစိုးရနှင့် ပေါင်းစပ် အဖြေရှာစေလိုခြင်းဖြစ်ပါကြောင်း၊ သံဖြူဇရပ်မြို့နယ်အတွင်း ဆုတ်ယုတ်လာသော ပင်လယ် ငါးဖမ်းလုပ်ငန်းကို ပြည်ထောင်စုအစိုးရနှင့် မွန်ပြည်နယ်အစိုးရတို့ ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်ချက်များကို ပံ့ပိုးမြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။