(က)-SME လုပ်ငန်းများ တိုးတက်အောင်မြင်စေရန် ဘဏ်စနစ် (Comprehensive Banking System) ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-22

လာမည့် ၂၀၁၅ ခုနှစ်မှာ အာဆီယံကုန်ဈေးနှုန်းဆိုရမယ့် အာဆီယံအသိုက်အဝန်း ASEAN Economic Community ကို သဘောတူညီချက်ကို စတင်အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။ ဒီအခါမှာ ကုန်သွယ်ရေးတွင် ဈေးကွက်အရင်းအနှီး၊ ဝန်ဆောင်မှုနှင့် ကျွမ်းကျင်လုပ်သားကိစ္စများလည်း ပေါင်းစည်းလာမှာ ဖြစ်ပါ တယ်။ အာဆီယံ ၁၀ နိုင်ငံအတွင်းရှိ ဦးရေ ၆၀၁ သန်းအတွက် စီးပွားရေးလုပ်ငန်းအတွက် အခွင့်အရေးများ ရရှိလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ AEC နှင့် AFTA အတွက် မျှော်မှန်းပြီး ပြည်တွင်းမှာရှိတဲ့ SME, SMI လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးဖို့ မဖြစ်မနေလိုအပ်ပြီ ဖြစ်ပါတယ်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ AEC အတွက်ရော၊ AFTA အတွက်ရော စိုးရိမ်ပူပန်မှုများစွာရှိနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ SME အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အသေးစားလုပ်ငန်းနှင့်ပတ်သက်လို့ လူဦးရေ ၁၀ ဦးမှ ၅၀ ဦး၊ အရင်းအနှီးအနေနဲ့ ကျပ် တစ်သန်း၊ လျှပ်စစ်သုံးစွဲမှုအနေနဲ့ မြင်းကောင်ရေ ၃ ကောင်မှ ၂၅ ကောင်၊ နှစ်စဉ်ထုတ်လုပ်မှုအနေနဲ့ ၃.၅ သန်း ဖြစ်ပါတယ်။ အလတ်စားလုပ်ငန်းအနေနဲ့ လူဦးရေ ၅၁ ဦးမှ ၁၀၀ ဦး၊ အရင်းအနှီး ၁ သန်းကနေ ၅ သန်းဖြစ်ပြီး၊ လျှပ်စစ်သုံးစွဲမှုအနေနဲ့ မြင်းကောင်ရေ ၂၅ ကောင်မှ ၅၀ ကောင်အထိ ဖြစ်ပြီးတော့ နှစ်စဉ် ထုတ်လုပ်မှုအနေနဲ့ ကျပ်သန်းပေါင်း ၁.၅ သန်းကနေ ၁၀ သန်းအထိရှိရမှာ ဖြစ်ပါတယ်။ ပြည်တွင်း လုပ်ငန်းရှင်များအနေနဲ့ FTM နှင့်ယှဉ်ပြိုင်နိုင်ဖို့ရော AEC အတွက်ရော အဓိကလိုအပ်ချက်ကတော့ အရင်းအနှီးဖြစ်တာကို တွေ့ရပါတယ်။ အရင်းအနှီးသာ စိုက်ထုတ်ပေးနိုင်မယ်ဆိုရင် များစွာ အထောက်အကူရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ ဘဏ်စနစ်မှာ လိုအပ်ချက်များကို လျင်မြန်စွာပြောင်းလဲပေးဖို့ လိုနေပြီဖြစ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်စနစ်မှာ မြန်မာနိုင်ငံအခြေအနေများကို လေ့လာလျှင် ယနေ့ Standard Channel Group ကနေပြီးတော့ အာဆီယံ ၉ နိုင်ငံမှာ ဘဏ်တွေ စတင်ပြီးတော့ ဖွင့်လှစ်ရင်းနှီးနေပြီဖြစ်ပါတယ်။ မကြာမီ ကျွန်တော်တို့ နိုင်ငံအတွင်း ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ယနေ့နိုင်ငံတော်မှာ အသွင်ကူးပြောင်းရေးအတွက် ဆောင်ရွက်လျက်ရှိပြီးတော့ စီးပွားရေးအခန်းကဏ္ဍကို ပြည်သူပိုင်ကဏ္ဍကို စွန့်လွှတ်ပြီးတော့ ပုဂ္ဂလိက ဘဏ်အဖြစ် ပြောင်းလဲနေပါတယ်။ ပုဂ္ဂလိကလိုဆိုရာမှာ အရင်းအနှီးအင်အားကြီးမားတဲ့ ပြည်တွင်း လုပ်ငန်းရှင်များထက် အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များနှင့် လုပ်ငန်းငယ်များကို ဦးတည်ပြီး ပံ့ပိုးဆောင်ရွက်နိုင်မှသာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေအတွက် မှန်ကန်တဲ့အဓိက နည်းဗျူဟာတစ်ခု ဖြစ်လာမှာဖြစ်ပြီးတော့ များပြားလှတဲ့အလယ်အလတ်တန်းစားလူထုအတွက် အလုပ်အကိုင် အခွင့် အလမ်းတွေတိုးပွားလာပြီး ဥစ္စာဓနပိုင်ဆိုင်မှုလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ ဥရောပနိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံမှာ အသေးစားနှင့် အလတ်စားကဏ္ဍဟာ လုပ်ငန်းအားလုံးရဲ့ ၉၉.၇ ရာခိုင်နှုန်းအထိ ရှိပါတယ်။ အာဆီယံအသင်းဝင်နိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံမှာ အသေးစားနှင့် အလတ်စားလုပ်ငန်း အရေအတွက်ဟာ ၂၀၀၅ ခုနှစ်မှာ ၁၄၉၀၀၀ အထက်မှာရှိပြီးတော့ ပြည်တွင်းမှာ တည်ထောင်ထားတဲ့ လုပ်ငန်းအားလုံးရဲ့ ၉၉.၄ ရာခိုင်နှုန်းရှိပါတယ်။ လုပ်သားအားဖြင့် ၆၂.၃ ရာခိုင်နှုန်းဟာ SME လုပ်ငန်း တွေမှာ လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ SME လုပ်ငန်းဟာ လုပ်ငန်းအားလုံးရဲ့ ၂၁.၆၃ ရာခိုင်နှုန်းရှိတာ ဖြစ်ပါတယ်။ ယနေ့နိုင်ငံတော်မှာ အခြေခံလူတန်းစားနှင့် လူလတ်တန်းစား များအနေနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်တဲ့အခါမှာ ငွေအရင်းအနှီး စိန်ခေါ်မှုတစ်ရပ်အနေနဲ့ ရင်ဆိုင်နေကြပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ဘဏ်တွေဟာ အောက်ခြေလူ တန်းစားများနှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်နေပြီးတော့ ချမ်းသာတဲ့လူအများစု ဘဏ်ထောင်ပြီးတော့ ထိုဘဏ်တွေမှာ ငွေအရင်းအနှီးရယူလိုလျှင် လုံခြုံမှုအတွက် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းနှင့်မြေ အဆောက်အဦရှိမှသာ အပေါင်ခံပြီးတော့ ငွေချေးတဲ့အတွက် ကိုယ်ပိုင်မြေနှင့် အဆောက်အဦ မရှိတဲ့ လုပ်ငန်းရှင်များအတွက် ဘဏ်ချေးငွေဟာ မမျှော်လင့်ကောင်းတဲ့အရာတစ်ခု မဟုတ်တာကို တွေ့ရပါ တယ်။ ဒါကြောင့် SME လုပ်ငန်းများ တိုးတက်စေဖို့အတွက် မေးခွန်း (၁)အနေနဲ့ လိုအပ်တဲ့အရင်းအနှီး များကို လိုအပ်သလို ဖြည့်ဆည်းပေးပြီးတော့ ဆောင်ရွက်ပေးနိုင်ဖို့အတွက် ပြည့်စုံကောင်းမွန်သော ဘဏ်စနစ် (Comprehensive Banking System) ကို အကောင်အထည် ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ မေးခွန်း (၂)အနေနဲ့ SME လုပ်ငန်းများ ပိုမိုအောင်မြင်လာစေရေးအတွက် အစိုးရက ထောက်ခံအားပေးသော စီးပွားရေးလုပ်ငန်းတစ်ရပ်ဖန်တီး၍ ကျယ်ပြန့်သော ကူညီမှုများပေးခြင်း၊ မြန်ဆန်လွယ်ကူသော ငွေချေးစနစ်ဖန်တီးပေးခြင်း၊ တိုင်းဒေသကြီးအစိုးရသို့ လုပ်ပိုင်ခွင့်များ လွှဲအပ် ခြင်း၊ SME ကဏ္ဍနှင့်ပတ်သက်ပြီးတော့ ကမ္ဘာ့ဘဏ်ကနေ သတ်မှတ်ထားတဲ့ အဓိက ညွှန်းကိန်းတွေ ဖြစ်တဲ့ လုပ်ငန်းစတင်တည်ထောင်ရာမှာ လွယ်ကူခြင်း၊ လုပ်သားငှားရမ်းမှု လွယ်ကူခြင်းနှင့် နယ်စပ် ဖြတ်ကျော်ရောင်းဝယ်ဖောက်ကားမှု လွယ်ကူခြင်းတို့နှင့် ပတ်သက်ပြီးတော့ မည်သို့ကူညီ ဆောင်ရွက် ပေးလျက်ရှိသည်ကို ပြန်လည်ဖြေကြားပေးပါရန် မေးမြန်းပါသည်။