(ခ)-မြန်မာနိုင်ငံ၏ စက်မှုရေးရာ မူဝါဒများ နှင့်စပ်လျဉ်းသည့် မေးခွန်း
ဒီနေ့ ကျွန်တော်မေးမယ့် မေးခွန်းနှင့် ပတ်သက်လို့ကတော့ အပိုင်းနှစ်ပိုင်းနှင့် မေးသွားမှာ ဖြစ်ပါတယ်။ အစိုးရပိုင်းနှင့် ပုဂ္ဂလိကစက်မှုလက်မှု ကဏ္ဍအပိုင်းဆိုပြီးတော့ မေးမြန်းသွားမှာဖြစ်ပါတယ်။ ခုနတုန်းက ဦးတင်မောင်ဦးကလည်း ပုဂ္ဂလိက ပိုင်းနဲ့အတန်အသင့် မေးမြန်းသွားပြီး ဖြစ်ပါတယ်။ ဒီအပေါ်မှာချုံ့ပြီးတော့ ထပ်မံပြီးတော့ သိချင်တာကို ထပ်မံမေးမြန်းသွားမှာ ဖြစ်ပါတယ်။ ဒီလို မေးမြန်းရခြင်းဟာလည်းပဲ ကျွန်တော်တို့ တစ်တွေ နယ်အသီးသီး ရောက်တဲ့အခါမှာ သက်ဆိုင်ရာ ပြည်သူများကနေပြီတော့ စက်မှုလက်မှုကဏ္ဍနှင့် ပုဂ္ဂလိက စက်မှုလက်မှုကဏ္ဍ၊ ခုနကပြောတဲ့ အသေးစား အလတ်စား စက်မှုလက်မှုကဏ္ဍနှင့် ပတ်သက်လို့ သူတို့ခံစားနေရတာတွေကို တင်ပြတဲ့အတွက် ကျွန်တော်တို့ဒီမှာ မေးမြန်းရခြင်း ဖြစ်တယ်ဆိုတဲ့အကြောင်း ပဏာမ ရှင်းလင်းတင်ပြလိုပါတယ်။ ကျွန်တော်တို့ ဒီနေ့မြန်မာနိုင်ငံမှာ ယခင်ကကျင့်သုံးခဲ့တဲ့ မူဝါဒတွေ ကို ယခုခေတ်စနစ်နှင့် ကိုက်ညီအောင်ယူပြီးတော့ မသင့်တာတွေကိုပယ်ပြီးတော့ ကျွန်တော်တို့နိုင်ငံ တိုးတက်ရေး အတွက် အရှိန်အဟုန်နဲ့ ဆောင်ရွက်တဲ့နေရာမှာ စက်မှုလက်မှုကဏ္ဍ ကလည်းပဲ အရှိန်အဟုန်နဲ့ ပြောင်းလဲ ဆောင်ရွက်နေတာ ကိုလည်းပဲ သိရပါတယ်။ ဒါကြောင့် ဒီလိုဆောင်ရွက်တဲ့ နေရာမှာ ကမ္ဘာ့ဘဏ်က တိုက်တွန်းသလိုပဲ စက်မှုလက်မှုကဏ္ဍ အပိုင်းပြောင်းလဲရေးအတွက် အစိုးရ ပိုင်းကဏ္ဍကနေပြီးတော့ ကျွန်တော်တို့ ပြည်သူပိုင်အခန်းကဏ္ဍ၊ အများပိုင် အခန်းကဏ္ဍကို ပြောင်းလဲနေတာကိုလည်းပဲ လေ့လာမှတ်ရှု ရပါတယ်။ စက်ရုံအလုပ်ရုံ အားလုံးးနီပါးကိုလည်းပဲ အများပိုင်၊ ပြည်သူပိုင်အဖြစ် ပြောင်းလဲမယ်လို့လည်း ပဲသိရပါတယ်။ ပြောင်းလဲဖို့လည်းပဲ လက်ရှိဆောင်ရွက်ဆဲလို့ သိရပါတယ်။ ဒါကြောင့် စက်မှုကဏ္ဍနှင့် ပတ်သက်လို့ ကျွန်တော် မေးမြန်းလိုတာကတော့ စက်ရုံ အလုပ်ရုံများကို ပုဂ္ဂလိက အဖွဲ့အစည်းများကို ငှားရမ်းလွှဲပြောင်း ဖက်စပ်ဆောင်ရွက်ခြင်းများကို မည်ကဲ့ သို့သောမူများဖြင့် ညှိနှိုင်းဆောင်ရွက်ရမည်ကို အများပြည်သူများ သိရှိနိုင်ရန် မည်ကဲ့သို့ဆောင်ရွက် မည်ကိုသိလိုပါကြောင်း၊ ဈေးကွက်စီးပွားရေးနှင့်အညီ ပုဂ္ဂလိကစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မည်သို့မည်ပုံ ထိထိရောက်ရောက် ဆောင်ရွက် ပေးနေသည်ကို ဒုတိယအချက်အနေဖြင့် သိလိုပါကြောင်း ကျွန်တော်တို့ ဒါကတော့ ခုနကဝန်ကြီး ဖြေသွားပြီးပါပြီ။ သို့သော်လည်းပဲ ဖြေတဲ့အပိုင်းမှာ တချို့ဟာတွေဟာ အပေါ်ယံပိုင်းဖြစ်တဲ့အတွက် ထိထိ ရောက်ရောက် မရှိတဲ့အတွက် ထပ်မံဖြေကြားပေးဖို့ မေးမြန်းအပ်ပါတယ်။ နိုင်ငံခြား ကုမ္ပဏီများအနေနဲ့ ပါဝင် ဆောင်ရွက်မည်ဆိုပါက မည်ကဲ့သို့ဆောင်ရွက်ရမည်ဆိုသည့် စည်းကမ်း၊ နည်းလမ်းပိုင်းကိုလည်းသိလိုကြောင်း တင်ပြအပ်ပါတယ်။ ဒီလိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်ရဲ့ စက်မှုကဏ္ဍပိုင်းဆိုင်ရာ မူဝါဒ၊ ရည်မှန်းချက်များကို သိလိုပါကြောင်း။ အဆိုပါမူဝါဒများဟာ ယခင်အစိုးရ လက်ထက်တွင် ယခင်အခြေအနေဖြင့် ရေးဆွဲထားခဲ့သော နှစ် ၃၀ စီမံကိန်းအပေါ် အခြေခံခြင်း ရှိ၊ မရှိ။ ယခုခေတ်သစ် စနစ်သစ်နှင့်အညီ မူဝါဒများ၊ ရည်မှန်းချက်များကို ချထားဆောင်ရွက်ခြင်း ရှိ၊ မရှိ သိလိုပါတယ်။ နိုင်ငံတကာမှာ ကျင့်သုံး လျက်ရှိတဲ့ ပုဂ္ဂလိက အခန်းကဏ္ဍအတွက် အသေးစား၊ အလတ်စားစက်မှု လုပ်ငန်းများကို ယခုအခါ စက်မှုဝန်ကြီးဌာနအနေနဲ့ တိုးတက်မှုရရှိအောင် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ သို့သော် လည်းပဲ မည်သည့်မူဝါဒများဖြင့် ဆောင်ရွက်ပေးနေသည်ကို မသိရတဲ့အတွက် ဒီမူဝါဒများကိုသိလို ပါကြောင်းနှင့် မူဝါဒများချမှတ် ဆောင်ရွက် ပေးနေသည်ဆိုပါကလည်း မည်သည့် အတိုင်းအတာအထိ တိုးတက်မှု ရရှိနေသည်ကို သိလိုပါကြောင်း မေးမြန်းအပ်ပါတယ်။ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများအတွက် စက်မှုဝန်ကြီးဌာနအနေနဲ့ မူဝါဒများ ချမှတ် ဆောင်ရွက်ပေးနေသည်ဆိုပါက အဓိက အရင်းအနှီးများ ဆောင်ရွက်ပေးနေခြင်း ရှိ၊ မရှိ။ ရှိပါက မည်သို့မည်ပုံ ဆောင်ရွက်ပေးနေသည်ကို မည်သည့် အချိန်မှစတင် ဆောင်ရွက်ပေးနေသည်ကို သိလိုပါတယ်။ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများနှင့် ပတ်သက်လို့လည်းပဲ စက်မှုဝန်ကြီးဌာနအနေနဲ့ တာဝန်ရှိတဲ့ အတိုင်းပဲ နည်းပညာပိုင်းဆိုင်ရာ အသေးစား၊ အလတ်စားလုပ်ငန်းများကို မည်ကဲ့သို့အကူအညီပေး၍ ဦးဆောင် ဦးရွက်ဆောင်ရွက်ပေး နေသည်ကိုသိလိုပါကြောင်း၊ အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် ပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ရှိ၊ မရှိကိုလည်းသိလိုပါကြောင်း။ မိမိတို့ ပုဂ္ဂလိကပိုင် အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းများအတွက် နည်းပညာပိုင်းရရှိရန် ယှဉ်ပြိုင်၍ တရားမျှတသော ယှဉ်ပြိုင်မှုနှင့် စီးပွားရေး အောင်မြင်တိုးတက်မှုရရန် အကာအကွယ်များ ပြုလုပ်ပေးခြင်း ရှိ၊ မရှိ။ ဥပမာ မကြာမီမှာ လာတော့မည့် AFTA ကဲ့သို့သောကိစ္စရပ်မျိုး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျိုး ဆောင်ရွက်တဲ့အခါမှာ စက်မှုကဏ္ဍမှ မိမိတို့အမျိုးသား အကျိုးစီးပွားကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရန် မည်ကဲ့သို့အကာ အကွယ်များ၊ အထောက်အကူများ ပြုလုပ်ပေးနေသည်ကို သိလိုပါကြောင်း၊ မိမိတို့ရဲ့စက်မှုဇုန်များ၌ အိမ်နီးချင်း နိုင်ငံများမှ စက်ပစ္စည်း အစိတ်အပိုင်းများနှင့်တကွ အခြားအစိတ်အပိုင်းများ ဝင်ရောက် နေမှုကြောင့် အခက်အခဲ တွေ့နေသည်ကို မည်ကဲ့သို့ ကာကွယ်ဆောင်ရွက်ပေးနေသည်ကို သိလိုပါ ကြောင်းမေးမြန်ပါသည်။