(ဂ)-တရားစီရင်ရေး ဖြောင့်မတ် မှန်ကန် နိုင်ရေးအတွက် မမှန်ကန်သော၊ မှားယွင်းနေသော၊ ခေတ်မမီသော စီရင်ထုံးများကို ပယ်ဖျက်ရန် အစီအစဉ် ရှိ/မရှိ သိလိုသည် နှင့်စပ်လျဉ်းသည့် မေးခွန်း
ယနေ့ တရားစီရင်မှု အပေါ်မှာ ပြည်သူများက များစွာဝေဖန်မှုပြုနေကြပါတယ်။ အဓိကအားဖြင့် ပြည်သူများ လက်ခံထိုက် သော အမှန်တရားမရရှိ၍သာ ဝေဖန်ကြခြင်းဖြစ်ပါတယ်။ ယင်းသို့ အမှန်တရားမရရှိခြင်းမှာလည်း တရားရုံးများက ခေတ်မမီတော့သော၊ ဥပဒေပြဋ္ဌာန်းခြင်းနှင့်မကိုက်ညီသော၊ စီရင်ထုံးများကို အကာ အကွယ်ယူလျက် မမှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်ခြင်းများရှိသဖြင့် တရားစီရင်ရေးအပေါ် အမြင်မကြည်လင်မှုများ ပိုမိုတိုးပွားစေနေခြင်းဖြစ်ပါတယ်။ အမှားကို အမှန်ဖြစ်အောင် အချိန်မီ ပြင်ဆင်နေရန်လိုအပ်နေကြောင်းလည်း တွေ့ရှိရပါတယ်။ ဥပမာ ၁၉၉၁ ခုနှစ် မြန်မာနိုင်ငံ တရားစီရင် ထုံးများ စာမျက်နှာ ၁၁၃ တွင်ပါရှိသည့် ဒေါ်မြဦးနှင့် နိုင်ငံတော်အမှုတွင် မွေးစားကြောင်းအဆိုရှိသူ မွေးစားသူ ဦးလှဖေ၏ လက်ဗွေ၊ လက်မှတ်များမပါသည့်အပြင် မှတ်ပုံတင်လည်း တင်မထားသော စာချုပ်ကို တရားရုံးချုပ်က ကိတ္တိမမွေးစားစာချုပ်အဖြစ် သုံးနှုန်းရေးသားထားသဖြင့် ဥပဒေပြဋ္ဌာန်း ချက်များ၊ စီရင်ထုံးများနှင့် လုံးဝဆန့်ကျင်နေပြီး စကားရပ်အသုံးအနှုန်းမှားယွင်းနေသောကြောင့် ယင်းသို့ ဥပဒေနှင့် မညီသော စကားရပ်အသုံးအနှုန်းကို တရားရုံးအချို့က ကိုးကားပြီး ဥပဒေနှင့်အညီ ကိတ္တိမမွေးစားစာချုပ် ချုပ်ဆိုမှတ်ပုံတင်ထားသောသူများအပေါ် ပြစ်မှုဆိုင်ရာဥပဒေကြောင်းအရ ဖြေရှင်းစေရန် အမိန့်ချမှတ်မှုများရှိနေကြောင်း လေ့လာတွေ့ရှိရပါတယ်။ အမှန်အားဖြင့် မှတ်ပုံတင် ထားသော ကိတ္တိမမွေးစားစာချုပ်အပေါ် ပျက်ပြယ်ကြောင်း တရားမတရားရုံးက ဆုံးဖြတ်ချက်မရှိဘဲ ရာဇဝတ်တရားရုံးက အမိန့်မချမှတ်ထိုက်ပါသဖြင့် ဥပဒေပြဋ္ဌာန်းချက်တို့နှင့် မကိုက်ညီသော ဆုံးဖြတ် ချက်ဖြစ်ပြီး ပြစ်မှုမကြီးလွန်သူကို ပြစ်မှုကျူးလွန်သူအဖြစ် စွပ်စွဲဖြေရှင်းခိုင်းရာလည်း ရောက်နေပါ သဖြင့် ယင်းစီရင်ထုံးမျိုးကို ပယ်ဖျက်သင့်ကြောင်း နမူနာတစ်ရပ်အဖြစ်တင်ပြအပ်ပါတယ်။ ယင်းကဲ့သို့ မှားယွင်းနေသဖြင့် ပယ်ဖျက်ထိုက်သော စီရင်ထုံးများစွာရှိနေကြောင်း ဝါရင့်ဥပဒေပညာရှင်ကြီးများ ကလည်း သိရှိနေကြပြီး ယင်းကဲ့သို့ မှားယွင်းမှုများကို အမှန်ရအောင် ပြုပြင်ပေးနိုင်ခြင်းမရှိသည်မှာ ကြာပြီဖြစ်သဖြင့် နစ်နာသူများမှာ ပြည်သူများသာ ဖြစ်ပါတယ်။ တရားစီရင်ရေးဖြောင့်မတ်မှန်ကန် နိုင်ရေးအတွက် မမှန်ကန်သော၊ မှားယွင်းနေသော၊ ခေတ်မမီသော စီရင်ထုံးများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ရှေ့နေချုပ်ရုံးတို့မှ ပယ်ဖျက်ရန်အစီအစဉ်ရှိ၊မရှိနှင့် အစီအစဉ်ရှိလျှင် မည်သည့်ကာလတွင် အပြီးအပြတ်ဆောင်ရွက်မည်ကိုသိရှိလိုသည့်အတွက် မေးမြန်းပါသည်။