(က)-ဆန်စပါးဈေးကွက် တည်ငြိမ်ရေး၊ ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာရေးနှင့် ဓာတ်မြေဩဇာ များတွင် ဓာတ်အားစစ်ဆေး ဆောင်ရွက်ရန်တို့ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-22

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၇၀ ရာခိုင်နှုန်းကျော်မှာ တောင်သူလယ် သမားမိသားစုများ ဖြစ်ပါတယ်ခင်ဗျား။ ကျေးလက်နေ တောင်သူလယ်သမား မိသားစုဝင်များသည် ဝင်ငွေတိုးမြှင့်လာလျှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ မြင့်မားလာလေဖြစ်ပါတယ်။ လူအများစုဖြစ် သော တောင်သူလယ်သမားဘဝ ဖွံှ့ဖြိုးတိုးတက်လာသည်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရာ ရောက်မည် ဖြစ်ပါတယ်။ သို့သော်လည်း တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်သော ကောက်ပဲသီးနှံများမှာ အာမခံချက်မရှိသော ဈေးနှုန်းတည်ငြိမ်မှုမရှိခြင်းတို့ကြောင့် ဒီနေ့လယ်သမားမိသားစုများရဲ့ဘဝမှာ ဟိုအကြွေးယူ၊ ဒီအတိုးဆပ်နှင့် ဘဝမှာ မပြေလည်မှုများ ချာချာလည်နေရပါတယ်။ လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီကနေ့ လယ်သမားများသည် မိမိစိုက်ပျိုးသော မိုးစပါး တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ တင်း ၅၀ သာ ထွက်ရှိကြောင်း၊ တစ်ဧက၏ ထုတ်လုပ်မှုစရိတ်မှာ ၁၄၀၀၀၀ မှ ၁၅၀၀၀၀ အထိ ရှိနေပါကြောင်း၊ စပါးဈေးတင်း ၁၀၀ လျှင် ၃ သိန်းသာ ရရှိပါက တစ်ဧက အပေါ် အမြတ်မရှိခဲ့ပါကြောင်း တစ်ဧက ၇၀ တင်းမှ ထွက်ခဲ့တယ်ဆိုလျှင်တော့ တစ်ဧက၏ အမြတ်ခံစားမှုမှာ ၆၀၀၀၀ ခန့်သာ အကျိုးခံစားရမည် ဖြစ်ပါတယ်။ အလုပ်လုပ်ချိန်မှာ လယ်သမား များရဲ့ လုပ်ရတဲ့ကာလဟာ ၆ လကျော်ကာလဖြစ်သဖြင့် မိသားစုရဲ့စားရေး၊ ဝတ်ရေး၊ ပညာရေးတို့ အတွက် စီးပွားရေးတွက်ခြေမကိုက်သောကြောင့် အကြွေးသံသရာမှာ လည်နေရပါတယ်။ လေးစားအပ် ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ စပါးပေါ်ချိန်တွင် စပါးဈေးများ အနှိမ်ခံရခြင်းတို့ကြောင့် ကြွေးယူသူကိစ္စ၊ အတိုးပေးရတဲ့ကိစ္စများမှာ အဆင်မပြေဖြစ်နေကြရပါတယ်။ စပါးဈေးကောင်းသည့် အချိန်၌ လယ်သမားလက်တွင် စပါးများ မရှိတော့ပါ။ သို့ဖြစ်ပါ၍ လယ်သမားများ စပါးပေါ်ချိန်မှာ အရှုံးမပေါ်သော စပါးဈေးတည်ငြိမ်မှုဖြစ်ဖို့ လိုအပ်လျက်ရှိနေပါတယ်။ တောင်သူလယ်သမားများသည် စိုက်ပျိုးရေးလုပ်ငန်းတွင် ယူရီးယား ဓာတ်မြေသြဇာများ၊ တီဆူပါ၊ ပိုတက်၊ ကွန်ပေါင်းမြေသြဇာများကို ဝယ်ယူသုံးစွဲလျက်ရှိနေ ကြပါတယ်။ ဒေါ်လာဈေးတက်တယ်ဆိုပြီး နိုင်ငံခြားမှတင်သွင်းသော မြေသြဇာ ကာတာတစ်အိတ်လျှင် ၂၁၀၀၀ ကျပ် ရောင်းခဲ့ပါကြောင်း ဒေါ်လာဈေးကျသော်လည်း ဈေးနှုန်းမကျဘဲ ဈေးကြီးပေး ဝယ်ယူသုံးစွဲနေ ရခြင်း ဖြစ်ပါတယ်။ လယ်သမားများ၏ စပါးဈေးနှုန်းကို ထိန်းမည်ဆိုလျှင် တစ်ဖက်မှ သွင်းအားစု များကိုလည်း ထိန်းညှိပေးမှသာ လယ်သမားများအတွက် အရှုံးပေါ်ပေါက်မှုများကို သက်သာစေမည် ဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ လယ်သမားများ ဝယ်ယူသုံးစွဲ လျက်ရှိတဲ့ ယူရီးယား ဓာတ်မြေသြဇာများ၊ တီဆူပါမြေသြဇာများ၊ ပိုတက်မြေသြဇာများတွင် ယူရီးယား မြေသြဇာ၌ နိုက်ထရိုဂျင်ပါဝင်မှုမှာ ၄၀ ရာခိုင်နှုန်းရှိခြင်း၊ တီဆူပါမြေသြဇာများတွင် ဖော့စဖရိပ်စ်ဓာတ် ပါဝင်မှုမှာ ၄၀ ရာခိုင်နှုန်းရှိခြင်း၊ ပိုတက်ပါဝင်မှုနှုန်းများမှာ နိုင်ငံတော်အစိုးရ၏ ထုတ်လုပ်လျက်ရှိ သော ဓာတ်မြေသြဇာများ အသုံးပြုရာ၌ ရက်ပေါင်း ၂၀ မှ ၃၀ အထိ အရောင်းမကျဘဲ ကောင်းလျက် ရှိနေပါကြောင်း ဈေးကြီးပေးဝယ်သော နိုင်ငံခြားမှတင်သွင်းသည့် ဓာတ်မြေသြဇာများသည် ၇ ရက် သို့မဟုတ် ၁၀ ရက်အထိသာ အရောင်ပြောင်းသွားခြင်းကြောင့် ဓာတ်မြေသြဇာအိတ်များတွင် ဓာတ် ပစ္စည်းပါဝင်မှုအချိုး မှန်ကန်စေရန်အတွက် စစ်ဆေးကြီးကြပ်မှုများ ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိပါတယ်။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများရဲ့အကျိုးကို ရည်ရွယ်လျက် အောက်ပါမေးခွန်း များကို မေးမြန်းရခြင်းဖြစ်ပါသည်။ မေးခွန်း(၁) လယ်သမားများစိုက်ပျိုးသော ဆန်စပါးဈေးကွက်များ ပြည်တွင်းဈေးနှုန်း တည်ငြိမ်ရေးနှင့် ဈေးကောင်းရရှိရေးအတွက် ဈေးကွက်ရှာရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါသည်။ အစီအစဉ်ရှိပါက ဘယ်လိုရှာထားကြောင်း သိရှိလိုပါသည်။ မေးခွန်း(၂) လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းအတွက် လယ်သမားများ ဝယ်ယူသုံးစွဲလျက်ရှိသော ဓာတ်မြေသြဇာ ဈေးနှုန်း သက်သာစေရန်အတွက် မည်သို့ ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါသည်။ အစီအစဉ် ရှိပါက ဘယ်လိုဆောင်ရွက်ထားကြောင်း သိရှိလိုပါသည်။ မေးခွန်း(၃) လယ်သမားများ ဝယ်ယူသုံးစွဲလျက်ရှိ သော ဓာတ်မြေသြဇာများတွင် နိုက်ထရိုဂျင်၊ ဖော့စဖရိပ်စ်၊ ပိုတက်ပါဝင်မှု ဓာတ်အားများ စစ်ဆေး ဆောင်ရွက်မှု အစီအစဉ်ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သို့ဆောင်ရွက်ထားကြောင်း သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။