(ခ)-လျှပ်စစ်ဓါတ်အားထုတ်လုပ် နိုင်မည့် အရင်းအမြစ်များ နှင့်စပ်လျဉ်းသည့် မေးခွန်း
ယနေ့မြန်မာနိုင်ငံတော်မှာ လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်လို့ အများပြည်သူကလွန်စွာ တောင့်တနေ ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနများကလည်းပဲ အစွမ်းကုန်ကြိုးစားဆောင်ရွက်နေတာကိုလည်း သိရှိ ရပါတယ်။ အထူးသဖြင့် မြို့ကြီးများမှာ လျှပ်စစ်ဓာတ်အား လျော့နည်းနေတာကို ရေတိုစီမံကိန်းနှင့် ဆောင်ရွက်နေတာကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီး ကလည်း ဇွန်လအတွင်းမှာပြောသွားတဲ့မိန့်ခွန်းထဲမှာ ပြည်သူတစ်ရပ်လုံးအတွက် ၇၅ ရာခိုင်နှုန်းသော ပြည်သူများလျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ မဂ္ဂါဝပ် ၁၇၀၀၀ ကျော်ရှိပြီး ၁၇၀၀၀ အတွက် ရင်းနှီးမြှုပ်နှံမှုဟာလည်းပဲ ၁၆ ဘီလီယံမှ ဘီလီယံ ၂၀ ကြားရှိ တယ်လို့မိန့်ကြားသွားပါတယ်။ ဒီလျှပ်စစ်ဓာတ်အားဟာ တစ်နှစ်ကို ၂ ဘီလီယံနှုန်းနဲ့ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ၁၀ နှစ်ခန့်ရှိမှ ပြည်သူ လိုအပ်တဲ့လျှပ်စစ်ဓာတ်အားရရှိနိုင်မယ်လို့ မိန့်ကြားသွားတာကိုလည်း မှတ်သားလိုက်ရပါတယ်။ မြန်မာနိုင်ငံမှာသုံးနေတဲ့လျှပ်စစ်များကတော့ သဘာဝဓာတ်ငွေ့၊ ဒီဇယ်၊ ရေအားလျှပ်စစ်များ အများဆုံး အသုံးပြုပြီးတော့ ရေအားလျှပ်စစ်ဟာဆိုလို့ရှိရင်တော့ အရင်းအနှီးတန်ဖိုး ရင်းနှီးမြှုပ်နှံမှုအများဆုံး ဖြစ်ကြောင်းကိုလည်းသိရပါတယ်။ ကျွန်တော်တို့ တခြားနိုင်ငံတွေမှာဆိုလို့ရှိရင် လျှပ်စစ်ဓာတ်အား မိမိတိုင်းပြည်ရဲ့အခြေအနေအရ ရှေ့လာမယ့်အခြေအနေတွေကိုမူတည်ပြီးတော့ ကြိုတင်ပြီးတော့စီမံ ဆောင်ရွက်ထားတာကိုလည်းတွေ့ရပါတယ်။ ဥပမာ- ယိုးဒယားနိုင်ငံမှာ ဆိုလို့ရှိရင် လျှပ်စစ်ဓာတ်အား ဟာ ယနေ့အချိန်မှာ မဂ္ဂါဝပ် ၁၀၀၀၀ ကျော်လောက်ပိုလျှံနေတာကိုလည်းပဲ ကြိုတင်စီမံထားတဲ့ အတွက် ပိုလျှံနေတာတွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်းပဲ ယခင်အစိုးရလက်ထက်က ကျွန်တော်တို့ ၂၀၀၅-၂၀၀၆ မှာ မဂ္ဂါဝပ် ၃၀၀၀ ကျော်ကနေပြီးတော့ ၂၀၁၅-၂၀၁၆ မှာ မဂ္ဂါဝပ် ၁၁၀၀၀ ကျော်၊ ၂၀၃၀-၂၀၃၁ မှာ မဂ္ဂါဝပ် ၂၃၃၀၀ ကျော်ရနိုင်အောင် စီမံဆောင်ရွက်ထားရှိကြ တာကိုလည်းသိရှိခဲ့ရပါတယ်။ ကျွန်တော်တို့ သဘာဝဓာတ်ငွေ့ပလက်ဖောင်းကနေပြီးတော့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတွေ ရန်ကုန်အထိရောက်အောင်လည်းပဲဆက်သွယ်ပြီးတာကိုလည်း ပဲသိရပါတယ်။ ဒါကြောင့် ပြည်သူများကနေပြီးတော့ မျှော်လင့်နေတဲ့လျှပ်စစ်ဓာတ်အား ရရှိနိုင်မှုနှင့်ပတ်သက်လို့ ကျွန်တော်မေးခွန်းမေးသွားမှာဖြစ်ပါတယ်။ ဒီနေ့ ယာယီဖြည့်ဆည်းဆောင်ရွက်ရန်မည်ကဲ့သို့ စီစဉ်နေ သည်ကိုသိလိုပါကြောင်းနှင့် နေရာဒေသအလိုက်၊ အချိန်ဇယားအလိုက် ရရှိနိုင်မှုအခြေအနေပမာဏ ကိုသိလိုပါတယ်။ ဒုတိယအနေနဲ့ မိမိပိုင်သဘာဝဓာတ်ငွေ့စက်များလည်ပတ်၍ လျှပ်စစ်ပမာဏ မည်မျှ မည်သည့်အချိန်တွင်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ကိုလည်း သိလိုပါတယ်။ ထုတ်လုပ်ဖြန့်ဖြူးနိုင်မှုမရှိ ပါကလည်း မည်သည့်အတွက်ကြောင့်ဖြစ်သည်ကိုလည်း သိလိုပါတယ်။ အဓိကရေအားလျှပ်စစ်နှင့် ပတ်သက်လို့နှစ်အလိုက် ထုတ်လုပ်ရန် မည်ကဲ့သို့ဆောင်ရွက်ထားသည်၊ နှစ်အလိုက်ပမာဏမည်မျှ ရရှိမည်၊ အဆိုပါ ဆောင်ရွက်ထားမှုများသည် မိမိတို့ကိုယ်ပိုင်ဟုတ်၊ မဟုတ်ကိုလည်းသိလိုပါတယ်။ ဖက်စပ်စီမံကိန်းများဆိုပါကလည်း ဖက်စပ်ထုတ်လုပ်သူမည်မျှရရှိမည် ဖက်စပ်လုပ်ကိုင်ဆောင်ရွက် သည့်သက်တမ်း၊ ဆောင်ရွက်မည့်ကုမ္ပဏီတို့ကိုသိလိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ MOU လက်မှတ် ထိုးထားတဲ့လုပ်ငန်းများနှင့်ပတ်သက်လို့လည်းပဲ ဆောင်ရွက်မည့် ကုမ္ပဏီ၊ နိုင်ငံ၊ စတင်ထုတ်လုပ်မည့် အချိန်ကာလနှင့် ပမာဏတို့ကို မိမိတို့ရရှိနိုင်မည့်ပမာဏနှင့် အခြားအကျိုးအမြတ်စာချုပ်သက်တမ်း တို့အား နှစ်အလိုက်အကောင်အထည်ဖော်မည့်အစီအစဉ်နှင့်တကွ သိလိုပါတယ်။ အဓိကအားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုဆိုင်ရာမူဝါဒများကို သိရှိလိုပါ ကြောင်းနှင့် ဆောင်ရွက်မည့်၊ ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းများနှင့်ပတ်သက်လို့ သိသင့်သိထိုက် သည့်အချက်များအား အချိန်ကာလအလိုက်ထုတ်ပြန်ပေးနိုင်ခြင်း ရှိ၊ မရှိသိလိုပါသည့်အတွက် မေးမြန်းပါသည်။