(ဂ)-သူဌေးရေအားလျှပ်စစ်စီမံကိန်း၏ ပြောင်းရွှေ့ပေးခဲ့ရသော ကျေးရွာသူ/သားများအတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိလိုသည် နှင့် စပ်လျဉ်းသည့် မေးခွန်း
ရခိုင်ပြည်နယ် သံတွဲမြို့မှာ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို ဆောင်ရွက်လျက်ရှိနေပါ တယ်။ ရေအားလျှပ်စစ်စီမံကိန်းပြီးပါက ရေဝပ်ဧရိယာအတွင်းကို ကျရောက်မယ့် ကျေးရွာသုံးရွာ မယ်ဝရွာ၊ ပရစ်ရွာ၊ ရေကောက်ရွာဆိုပြီး ရွာသုံးရွာရှိပါတယ်။ ပင်မရေလှောင်တမံတည်ဆောက်မယ့် နေရာမှာကျရောက်တဲ့ မယ်ဝကျေးရွာကို တမံအုတ်မြစ်ရေစိမ့်တားနိုင်ရန် တည်ဆောက်ပြီးစီးသွားလို့ ၂၀၀၉ ခုနှစ် ဧပြီလကုန်ခန့်က ပထမဦးဆုံးပြောင်းရွှေ့နေရာချထားပေးခဲ့ပါတယ်။ သံတွဲခရိုင် ခယက၊ သံတွဲမြို့နယ် မယက၊ ရေအားလျှပ်စစ်စီမံကိန်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အိမ်ထောင်စု ၄၁ စု၊ လူဦးရေ ၁၈၆ ဦး၊ ဘုန်းကြီးကျောင်း တစ်ကျောင်းတို့ကို ကျေးရွာသစ်အဖြစ်အကွက်ရိုက်ပြီးတော့ လမ်းများဖောက်လုပ်ပေးခြင်း၊ နေအိမ်များဆောက်လုပ်ပေးခြင်းတို့ကို ဆောက်ရွက်ပေးခဲ့ပါတယ်။ မယ်ဝ ကျေးရွာသားများဟာ မူလက သူဌေးချောင်းကမ်းနားဘေးမှာ လယ်ယာများစိုက်ပျိုးလုပ်ကိုင် ပြီးတော့ အသက်မွေးခဲ့ပါတယ်။ မယ်ဝကျေးရွာသားများ လုပ်ကိုင်ကြတဲ့ လယ်မြေယာမြေများက လယ်မြေ ၅၂.၆၈ ဧကနှင့် ယာမြေ ၂၆.၇၉ ဧက၊ စုစုပေါင်း ၇၉.၄၇ ဧကဖြစ်ပြီးတော့ အဲဒီလယ်ယာမြေ တွေကို ကျေးရွာပြောင်းရွှေ့တဲ့အခါမှာ မူလနေရာမှာပဲ စွန့်ပစ်ပြီးတော့ ချန်ထားခဲ့ရပါတယ်။ အသစ် ပြောင်းရွှေ့လာတဲ့ကျေးရွာဟာ မူလကျေးရွာနဲ့ ၄ မိုင်လောက်ဝေးပါတယ်။ ကျေးရွာပြောင်းရွှေ့ပြီးတော့ အဲဒီလယ်ယာမြေများကို အစားထိုးဖော်ထုတ်ပေးမယ်ဆိုပြီးတော့ လျာထားချက်ရှိသော်လည်း ဒီနေ့ အထိ ဖော်ထုတ်ပေးခြင်းမရှိသေးပါ။ အခုအခါ ကျေးရွာသူကျေးရွာသားများမှာ အလုပ်အကိုင် အတည်တကျမရှိတဲ့အတွက်ကြောင့် ရေကြည်ရာမြက်နုရာ အလုပ်လုပ်ကိုင်တဲ့ နေရာများကိုသွား ရောက်လုပ်ကိုင်ကြပြီးတော့ ရွာမှာနေထိုင်ကြတဲ့သူ နည်းလာတဲ့အတွက်ကြောင့် နေအိမ်များလည်း ပျက်စီးယိုယွင်းလာကြပါတယ်။ ပြောင်းရွှေ့လာခဲ့တဲ့ ကျေးရွာသူကျေးရွာသားများရဲ့ လယ်ယာမြေ များကို အစားထိုးအသစ်ပြန်လည်ဖော်ထုတ်ပေးပါက မူလလယ်ယာလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင် ပြီးတော့ ကျေးရွာမှာပဲပြန်ပြီးတော့ နေထိုင်နိုင်ကြမှာဖြစ်ပါတယ်။ ဒါအပြင် မူလပြောင်းရွှေ့စဉ်က အစိုးရပိုင်မြေလွတ်တောင်ကုန်းဆိုပြီးတော့ တောရှင်း၊ မြေညှိ၊ အကွက်ရိုက်၊ လမ်းဖောက် အိမ်နေရာ အကွက်တွေချပေးခဲ့ပါတယ်။ အခု ၂၀၁၂ ခုနှစ်၊ မေလဆန်းမှာ ကျေးရွာသူကျေးရွာသားများက အခုမိမိတို့ကို ပြောင်းရွှေ့နေရာချထားပေးတဲ့ အိမ်မြေနေရာများကို မူလပိုင်ရှင်များဆိုတဲ့သူတွေက အခုနေရာမှ ထွက်ခွာသွားရန် ထင်း၊ အိမ်သုံးဝါးပင်မခုတ်ရဆိုပြီးတော့ တားမြစ်ဟန့်တားနေပြီး အန္တရာယ်ပြုမယ့်အထိ အဓမ္မလုပ်ဆောင်လာကြတဲ့အတွက်ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ ကျွန်တော်ဆီကို တင်ပြလာကြပါတယ်။ ဒါကြောင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး၊ ွမေစာရင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ရေအားလျှပ်စစ်စီမံကိန်းတို့မှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းကွင်းဆင်းပြီးတော့ ပိုင်ရှင်ဆိုတဲ့လူများနှင့် ယာယီ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ကျေးရွာကိုပြောင်းရွှေ့စဉ်က မြေနေရာရှင်းလင်းပြီးတော့ ရွာတည်ပေး သော်လည်း မူလကတည်းက ကျေးရွာရဲ့နယ်နိမိတ်၊ ကျေးရွာပိုင်ဘုံမြေလွတ် စသည်ဖြင့်ကို တိတိကျကျ တိုင်းတာပြီးတော့ မှတ်တိုင်စိုက်သတ်မှတ်ပေးခဲ့ခြင်းမရှိလို့ဖြစ်ပါတယ်။ နှစ်ကြာလာတဲ့အခါမှာတော့ အခုလို အငြင်းပွားမှုများဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် တိကျတဲ့နယ်နိမိတ်များကို တိုင်းတာပြီးတော့ သတ်မှတ်ပေးနိုင်ပါရန် တင်ပြပါတယ်။ ကျန်ရှိနေတဲ့ ပုရစ်ရွာ၊ ရေကောက်ရွာ ရွာ နှစ်ရွာကတော့ မူလနေရာမှာပဲ ရှိနေသေးပြီးတော့ မပြောင်းရွှေ့ရသေးပါဘူး။ ရေအားလျှပ်စစ်စီမံကိန်း ပြီးလုနီးမှ ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် သူဌေးရေအားလျှပ်စစ်စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ မယ်ဝကျေးရွာသူကျေးရွာသားများရဲ့ (၁) အလုပ်အကိုင်ဖြစ်သော လယ်ယာမြေ ၇၉.၄၇ ဧကအား ကျေးရွာအနီးတွင် ပြန်လည်ဖော်ထုတ်နေရာချထားပေးနိုင်ပါမည်လား။ (၂) နွေရာသီတွင် သောက်သုံး ရေအလွန်ရှားပါးသဖြင့် ကျေးရွာသို့ စိမ့်စမ်းရေသွယ်လုပ်ငန်းဖြင့် သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနိုင်ပါမည်လား။ (၃) ကျေးရွာအတွင်းရှိ မူလဖောက်လုပ်ပေးခဲ့သော လမ်းတံတား များမှာ တောင်ကျရေတိုက်စားပြီး ပျက်စီးနေသဖြင့် ပြန်လည်ပြုပြင်ပေးနိုင်ပါမည်လား။ (၄) ကျေးရွာမှ ကလေးများစာသင်ကြားနိုင်ရန် အစိုးရမူလတန်းကျောင်း သို့မဟုတ် တွဲဖက် အမကအဖြစ် ဖွင့်လှစ် ဆောင်ရွက်ပေးနိုင်ပါမည်လားဟု မေးမြန်းရခြင်း ဖြစ်ပါသည်။