(ခ)-ပင်လယ်သဲများကို စင်္ကာပူနိုင်ငံသို့ ရောင်းချနေခြင်းကြောင့် ရေနေသတ္တဝါ သားငါးများ ရှားပါးလာသည့်အတွက် ပင်လယ်သဲများ မရောင်းချရန် တင်ပြ ထားသည်ကို ရောင်း/မရောင်း သိလိုသည် နှင့်စပ်လျဉ်းသည့် မေးခွန်း
တနင်္သာရီတိုင်းဒေသကြီးမှာ ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ ပင်လယ်သဲများကို စင်ကာပူနိုင်ငံကဝယ်ယူနေကြပါတယ်။ စင်ကာပူနိုင်ငံကဝယ်ယူနေတဲ့ သဲများကို နိုင်ငံတော်ကနေပြီးတော့ ပင်လယ်ရေကြောင်းမှာ ရေကြောင်းတွေတိမ်ကောလာလို့လည်းကောင်း၊ ပင်လယ်ခရီးသွားလာကြတဲ့လှေသင်္ဘောများ အန္တရာယ်ကင်းစေရေးအတွက်လည်းကောင်း နိုင်ငံတော် အတွက်ခွင့်ပြုချက်ရထားတဲ့ အဖွဲ့အစည်းတစ်ခုကနေပြီးတော့ စင်ကာပူနိုင်ငံကိုရောင်းချနေတယ် ဆိုတာသိရှိရပါတယ်။ အဲ့ဒီရောင်းချတဲ့တန်ဖိုးကတော့ ကျွန်တော်တို့သဲတစ်တန်ကို မြိတ် FOB ၃ ဒေါ်လာနဲ့လည်းကောင်း၊ ကော့သောင်း FOB တစ်တန်ကို ၄.၅ ဒေါ်လာနဲ့လည်းကောင်းရောင်းချလျက် ရှိတယ်ဆိုတာကိုသိရပါတယ်။ အဲ့ဒီသဲတွေကိုရောင်းချခြင်းအားဖြင့် ကျွန်တော်တို့ပင်လယ်မှာရှိတဲ့ ပင်လယ်နေသတ္တဝါများရဲ့ စားကျက်တွေပျောက်ဆုံးတယ်။ နေရာတွေပြောင်းလဲတယ်ဆိုတဲ့အတွက် ကြောင့်လည်း ရေတိမ်သတ္တဝါတွေဟာ ပင်လယ်နက်ပိုင်းကို ပြောင်းရွှေ့ပြီးတော့ ပင်လယ်သတ္တဝါ တွေရဲ့ ဖမ်းဆီးတဲ့ငါးဖမ်းလုပ်သားတွေဟာ ငါးအရနည်းလာပါတယ်။ ပုစွန်တွေ အရနည်းလာပါတယ်။ တကယ်တမ်း တိုင်းတာကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း သဲတစ်တန်ဟာ ၃ ဒေါ်လာကနေ၊ ၄.၅ ဒေါ်လာပဲရပြီးတော့ ပုစွန်တစ်တန်ဟာ ဒေါ်လာ ၇၀၀၀ ကနေ ၉၀၀၀ အထိရတဲ့အတွက်ကြောင့် အဆပေါင်း ၂၅၀၀ ကနေ ၃၀၀၀ လောက်အထိ ကွာခြားနေတယ်ဆိုတာ တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ ကွြန်တော်ကိုယ်စားမေးမြန်းလိုတဲ့မေးခွန်းကတော့ သဲရောင်းခြင်းလုပ်ငန်းကို နိုင်ငံတော် ကနေပြီးတော့ ဆက်လက်ပြီးတော့ရောင်းချခြင်းရှိဦးမှာလား။ မရှိဘူးလားဆိုတဲ့မေးခွန်းကိုဖြေကြားပေးပါရန် မေးမြန်းပါသည်။