(ခ)-၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေး နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-22

ဒေါ်ဝင်းမော်ထွန်း (ရေနံချောင်းမဲဆန္ဒနယ်)

မြန်မာနိုင်ငံမှာ လူဦးရေသန်းခေါင်စာရင်းဟာ ၁၉၈၃ ခုနှစ် နောက်ဆုံးထားပြီးကောက်ယူခဲ့တာ ဒီနေ့ အထိမကောက်ဖြစ်တော့ပါဘူး။ နှစ်ပေါင်း ၃၀ ကျော်အကြာမှာ ပြန်လည်ကောက်ယူရမယ့်         ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းဟာဖြင့် တစ်နိုင်ငံလုံးရဲ့လူဦးရေအမှန်ကိုလည်း သိရှိရတော့မှာ ဖြစ်ပါတယ်။ ဤသန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းဟာ ကြီးမားကျယ်ပြန့်ပြီးတော့ ခက်ခဲနက်နဲပြီး အဓိကအားဖြင့်ငွေကုန်ကြေးကျလွန်စွာကြီးမားတယ်ဆိုတာကို ကျွန်မသိရှိပါတယ်။ ကျွန်မတို့နိုင်ငံဟာ နိုင်ငံပေါင်း ၅ နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်ပြီး ကမ္ဘာ့လူဦးရေအများဆုံးဖြစ်တဲ့ နိုင်ငံကြီးနှစ်ခုကြားမှာ တည်ရှိတာပါ။ နိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ ဝေးလံတဲ့ဒေသတွေ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတွေ၊ တိုင်းရင်းသားတွေရဲ့ပြန့်ကျဲနေထိုင်မှုတွေ၊ ဘာသာစကားကွဲပြားမှုအပြင် ရွှေ့ပြောင်း လုပ်သား၊ နယ်စပ်ချင်းထိစပ်ပြီးနေထိုင်ကြသူများ၊ ငြိမ်းချမ်းရေးရယူပြီးသော တိုင်းရင်းသားများစတဲ့ လူဦးရေသန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းဟာ ခက်ခဲမယ်လို့ကျွန်မသိပါတယ်။ သန်းခေါင် စာရင်းကောက်ယူရေးအတွက် ထောင့်ပေါင်းစုံကနေ နည်းပညာလိုအပ်ချက်၊ အသုံးပြုမယ့်ငွေကြေး လိုအပ်ချက်၊ လူအင်အားလိုအပ်ချက်နဲ့ပြည့်စုံမှသာ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ချိန် အတွင်းအောင်မြင်စွာပြီးစီးလိမ့်မယ်လို့ သတ်မှတ်ယူဆမိပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာ အကူအညီနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ အကူအညီများ၊ ပြည်သူလူထုတစ်ရပ်လုံးပါဝင် ဆောင်ရွက်နိုင်မှသာ အချိန်မီလုပ်ငန်းပြီးစီးမယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်ပိုင်းကလည်း လိုအပ်သလို ပူးပေါင်းဆောင်ရွက်လိုပါတယ်။ ဒီသန်းခေါင်စာရင်း ကောက်ယူမှုကိုကျွန်မစိတ်ဝင်စားပါတယ်။ ဒီသန်းခေါင်စာရင်းရဲ့ရရှိလာမယ့် အကျိုးရလဒ်ဟာ တိုင်းပြည်ရဲ့ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊  GDP   နှင့် သုတေသနလုပ်ငန်းများအတွက် အထောက်အကူပြုနိုင်တဲ့အပြင် အသက်အပိုင်းအခြားအလိုက် လူ့စွမ်းအားအရင်းအမြစ်ကိုဖော်ထုတ် နိုင်မှာဖြစ်ပါတယ်။ အခြားအခြားသောကိစ္စရပ်များအတွက်လည်း ကိန်းဂဏန်းများတိကျမှန်ကန်စွာဖြင့် အထောက်အကူပြုမယ်လို့ယုံကြည်မိပါတယ်။ အစိုးရဝန်ကြီးဌာနတစ်ခုနဲ့သာမက ဒေသအသီးသီးရဲ့ အရည်အသွေးကိုလည်းမြှင့်တင်ပေးရာရောက်မယ်လို့ ထင်မြင်မိပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေး အတွက် ယခုအချိန်အထိလုပ်ဆောင်ပြီးတဲ့ အခြေအနေများ၊ လုပ်‌ဆောင်ဆဲအခြေအနေများအား လည်းကောင်း၊ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ပြုမူဆောင်ရွက်မယ့်လုပ်ငန်းကြီးဖြစ်တဲ့အတွက် အားလုံးကိုလွှမ်းခြုံပြီးတော့ပူးပေါင်းပါဝင်လာအောင် မည်ကဲ့သို့အသိပညာပေးဆောင်ရွက်မည်ကို လည်းကောင်းသိရှိလိုပါတယ်။ အောင်မြင်စွာပြီးမြောက်နိုင်ရန်အတွက် မည်ကဲ့သို့သောအခက်အခဲ များကိုတွေ့ကြုံနိုင်တယ်ကိုသိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။