(က)-စက်မှုဇုန်ထုတ်ကားများနှင့် သက်ဆိုင်သည့် အကြောင်းအရာ ၆ ခု နှင့် စပ်လျဉ်းသည့် မေးခွန်း
(က) ယခင် အစိုးရလက်ထက်က ထုတ်လုပ်ခွင့်ပြုခဲ့သော Super Custom (MPV) စက်မှုဇုန်ထုတ်ကားများအား အမှန်တကယ်ပြည်တွင်း၌ ထုတ်လုပ်ခြင်းမဟုတ်ဘဲ ပြည်ပက တရားမဝင်ခိုးသွင်းလာသော Super Custom ကားများကို စစ်ဆေးခဲ့ပြီး လိုင်စင်မရမီ ထုတ်လုပ်သူများကို ယခုလက်ရှိအချိန်တွင် ကျပ်သိန်း ၆၀ ပေးသွင်းရန် ညွှန်ကြားထားသည်မှာ မှန်ပါသလား။ (ခ) MPV ထုတ်လုပ်ခွင့်ရရှိသော ကုမ္ပဏီ တချို့သည် စက်မှုဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို လိုက်နာမှုမရှိဘဲ ကားဝယ်ထားသူများကိုသာ နည်းအမျိုးမျိုးဖြင့် ဖိအားပေးပြီး ဒဏ်ကြေးငွေပေးသွင်းစေခဲ့သည်ကို သိပါသလား။ (ဂ) ကားဝယ်ထား သူများမှ ၎င်းတို့၏ မကျေနပ်ချက်များကို စက်မှုဝန်ကြီးဌာနသို့ တိုင်စာများ ပေးပို့တိုင်ကြားခဲ့သော်လည်း အရေးယူခြင်းမရှိသေးသည့်အတွက် ကားဝယ်ထားသူများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ကို သိပါသလား။ (ဃ) ကားထုတ်လုပ်သူအချို့သည် ကားဝယ်ထားသူများကိုပင် ပြန်လည်တရားစွဲဆိုခြင်းများ ပြုလုပ်နေသည်ကို သိပါသလား။ သိရှိပါက ၎င်းကုမ္ပဏီများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်ပေးပါ မည်နည်း။ (င) ကျေနပ်မှုမရှိဘဲ ဒဏ်ကြေးငွေပေးသွင်းခဲ့ရသော ဝယ်ယူသူများနှင့် ဒဏ်ကြေးငွေမသွင်း နိုင်သော လိုင်စင်မဲ့ကားများကို ပိုင်ဆိုင်ထားရသော ကားဝယ်ယူသူများအတွက် စက်မှုဝန်ကြီးဌာနမှ မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်နည်း။ (စ) ယခုအချိန်တွင် လက်ရှိမော်တော်ယာဉ်အသစ်များ ကာလ ပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုများအတွက် ဒဏ်ကြေးငွေပေး ဆောင်ရမှုကို လိုက်လျောညီထွေစီစဉ်ပေးပြီး နစ်နာသူ Super Custom ကားဝယ်သည့် ပြည်သူများ အတွက် မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။