(ခ)-လွိုင်ကော်-နေပြည်တော် ပြေးဆွဲလျှက်ရှိသော မြန်မာ့မီးရထားအား နိုင်ငံတော်မှ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ကယားပြည်နယ် လွိုင်ကော်မြို့နှင့် နေပြည်တော်သို့ မြန်မာ့မီးရထားလမ်းကို ၁၉၉၃ ခုနှစ်မှစတင်ပြီး ဖောက်လုပ်ပြေးဆွဲခဲ့လို့ ကယားပြည်နယ်သူ ပြည်နယ်သားများအနေဖြင့် ဂုဏ်ယူပြီးနိုင်ငံတော်ကို အထူးကျေးဇူးတင်ရှိလျက်ရှိပါတယ်။ လွိုင်ကော် မြို့တွင် မီးရထားဘူတာရုံကြီးကိုလည်း ဂုဏ်ယူဝင့်ကြွားစွာ ထည်ထည်ဝါဝါတည်ဆောက်ပေးခဲ့လို့ လွိုင်ကော်မြို့ရဲ့ ကျက်သရေဆောင်လည်း ဖြစ်ခဲ့ရပါတယ်။ မီးရထားလမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာများ၊ မြို့နယ်များကုန်စည်စီးဆင်းမှုလျင်မြန်ချောမွေ့ပြီး ဝန်ထမ်းများ၊ ခရီးသွားပြည်သူများ အတွက် များစွာတန်ဖိုးရှိလှပါတယ်။ ပြည်နယ် ပြည်မမှထွက်ကုန်များကို မြန်မာပြည် တစ်နံတစ်လျား သို့လည်း ပို့ဆောင်ကုန်သွယ်မှုပြုနိုင်တာမို့ အစစအရာရာ အဆင်ပြေချောမွေ့ခဲ့ပါတယ်။ သို့သော် လည်းပဲ ယနေ့လက်ရှိပြေးဆွဲနေခဲ့သော မြန်မာ့မီးရထားစက်ခေါင်းအား ၁၁၀ အားဖြင့်သာ ပြေးဆွဲ နေခဲ့ရတာကြောင့် တွဲများများမချိတ်ဆွဲနိုင်ခြင်း၊ ကုန်တွဲသီးသန့်ချိတ်ဆွဲခြင်းမပြုနိုင်ခြင်း၊ လူစီးတွဲများ မှာလည်း အကာမဲ့ခုံတန်းလျားများဖြင့် ပြေးဆွဲချိတ်ဆွဲလျက်ရှိတာကြောင့် မိုးရာသီတွင် ခရီးသွား ပြည်သူများ၊ ဝန်ထမ်းများ လုံခြုံစိတ်ချရမှုမရှိခြင်းများ မကြာခဏဆိုသလို သံလမ်းချော်ခြင်းများ ကြုံတွေ့နေကြရပါသဖြင့် လူစီးတွဲများအား မျက်နှာချင်းဆိုင်ထိုင်ခုံများဖြင့် လုံခြုံစိတ်ချရသောတွဲများ ခေတ်နှင့်အညီဆောင်ရွက်ပေးသင့်နေပြီဖြစ်ပါတယ်။ မီးရထားစက်ခေါင်းကိုလည်း ၁၄၀ ဖြင့် ပြေးဆွဲ ပေးနိုင်မှသာ လိုအပ်သောတွဲများ ချိတ်ဆွဲပေးနိုင်မှာဖြစ်သလို မီးရထားလမ်းများမှာလည်း သစ်မာ မဟုတ်သောသစ်များဖြင့် ခင်းကျင်းထားတာွဖစ်တဲ့အတွက် ရေရှည်တွင် ခံနိုင်ဝန်အားမရှိခြင်း တို့ကြောင့် တွဲချော်ခြင်း၊ ခရီးကြန့်ကြာခြင်း၊ အချိန်မမှန်ခြင်းများနှင့် ရင်ဆိုင်ကြုံတွေ့နေခဲ့ရပါတယ်။ မီးရထားစက်ခေါင်းအား ၁၄၀ တိုးမြှင့်ပေးရန်လိုအပ်နေသလို လမ်းများကိုလည်း ကွန်ကရစ်ဇလီ ဖားတုံးများဖြင့် ပြုပြင်ပေးဖို့အချိန်တန်နေပြီဖြစ်ပါတယ်။ သို့အတွက်ကြောင့် လွိုင်ကော်-နေပြည်တော် ပြေးဆွဲပေးနေသော မြန်မာ့မီးရထားတွဲများအဆင့်မြှင့်တင်ပေးခြင်း၊ စက်ခေါင်းအားမြှင့်တင်ပေးခြင်း၊ မီးရထားလမ်းများအဆင့်မြှင့်တင်ပေးခြင်းကို နိုင်ငံတော်မှဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ သိရှိ လိုပါတယ်။ အကယ်၍အစီအစဉ်ရှိပါက မည်သည့်အချိန်အခါကာလများတွင် ဆောင်ရွက်ပေးနိုင် မည်ကိုသိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။