(ဂ)-ဘေးတံခါးမှန်အနက်ရောင်ပါ ကားများ နှင့်စပ်လျဉ်းသည့် မေးခွန်း
ယနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ နိုင်ငံခြားမှ မော်တော်ကားတင်သွင်းရေး မူဝါဒအရ မော်တော်ယာဉ်အမျိုးမျိုး သောင်းဂဏန်းခန့် တင်သွင်းရောက်ရှိလာပြီး ဖြစ်ပါတယ်။ မော်တော်ကားတင်သွင်းရောက်ရှိလာသော ပြည်သူများ ဝမ်းသာပီတိဖြစ်ရကြောင်းလည်း သိရှိရပါသည်။ သို့သော် စိတ်သောက ရောက်မှုလည်း ရှိနေကြောင်း သိရှိရပါတယ်။ ကိုယ်ပိုင်မော်တော်ကားအများဆုံးမှာလည်း ရန်ကုန်မြို့ Down Town မြို့နယ်ဖြစ်တဲ့ မြို့နယ်မှာ အများဆုံးရှိပါတယ်။ ကျွန်တော်တို့ ပန်းဘဲတန်းမြို့နယ်မှာဆိုရင် ကိုယ်ပိုင်ကားအသစ်ဟာ ၃၀၀၀ ခန့်ရှိနေပါတယ်။ ကျွန်တော်နေတဲ့ အမှတ်(၁)ရပ်ကွက်မှာပဲ ကားအစီး ၄၀၀ ကျော် ရှိနေပါ တယ်။ ဒါကြောင့် မဲဆန္ဒရှင်များရဲ့ဆန္ဒအရ အောက်ပါမေးခွန်းများကို လေးစားစွာ မေးမြန်းအပ်ပါတယ် ခင်ဗျား။
မြန်မာနိုင်ငံမှာ ယနေ့ပြည်သူများ စီးနင်းအသုံးပြုနေသော ကိုယ်ပိုင် မော်တော်ယာဉ်များရဲ့ ဘေးတံခါးမှန်များဟာ အနက်ရောင်ဖြစ်ပါက သက်ဆိုင်ရာမှ စစ်ဆေးပြီးတော့ ဒဏ်ငွေများ ချမှတ်နေကြောင်း သိရှိရပါတယ်။ သို့သော် ဖမ်းဆီးဒဏ်ငွေရိုက်မှုဟာ ညီမျှမှုမရှိသည်ကို လည်း တွေ့ရှိရပါတယ်။ နိုင်ငံသားတိုင်းဟာ တန်းတူအခွင့်အရေးရသင့်ပါတယ်။ သို့ပါ၍ ကားပိုင်ရှင် များရဲ့သဘောဆန္ဒအရ အောက်ပါမေးခွန်းများကို မေးမြန်းအပ်ပါတယ်ခင်ဗျား။ (၁)ဘေးတံခါးမှန်များ အနက်ရောင်ဖြစ်ပါက နိုင်ငံသားများအတွက် မည်ကဲ့သို့သော ဆိုးကျိုးများ မည်မျှလောက် ဖြစ်ပေါ်ခဲ့ ကြောင်း သိရှိလိုပါတယ်။ (၂) နိုင်ငံခြားမှ ယခုတင်သွင်းရောက်ရှိလာသော ဘေးတံခါးမှန်အနက်ရောင် ပါကားများကို ဒဏ်ငွေချမှတ်ခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိ။ (၃) ယနေ့လမ်းမပေါ်တွင် ရှိနေသော ဘေးတံခါးအနက်ရောင်ပါကားများအားလုံးကို တစ်ပြေးညီ ဒဏ်ငွေချမှတ်ခြင်းရှိ၊ မရှိနှင့် (၄) ကားအားလုံးကို ဒဏ်ငွေချမှတ်ခြင်းမပြုဘဲ ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊မရှိ သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။