(က)-လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးဖြစ်သော အရပ်ဝန်ထမ်းများ၏ တရားဝင်ခံစားခွင့်ရှိသည့် ပင်စင်နှင့် စုငွေ များကို ခံစားခွင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
ကျွန်တော်၏ ယခုမေးမြန်းတင်ပြချက်များ သည် ပုဂ္ဂိုလ်ရေးမပါရှိပါ။ စည်းလုံးညီညွတ်ခြင်းကို အဓိကထားပြီး မေးမြန်းတင်ပြခြင်းသာဖြစ်ပါ ကြောင်း ကြိုတင်တင်ပြလိုပါတယ်။ မေးမြန်းလိုတဲ့အချက်ကတော့ နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီးဖြစ်သော အမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်များ၊ ၎င်းတို့နှင့်အတူ တွဲဖက်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အရပ်ဘက်ဆိုင်ရာဝန်ထမ်းများရဲ့ ဘဝရပ်တည်မှုအတွက် တရားဝင် ခံစားခွင့်ရှိသော ဆုငွေနှင့် ပင်စင်ကိစ္စရပ်များဖြစ်ပါတယ်။
နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များအတွက် ယခင်နိုင်ငံတော် ကောင်စီလက်ထက်တွင် အမျိုးသားထောက်လှမ်းရေးဥပဒေကို ၁၉၈၃ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေပုဒ်မ ၁၀ ဖြင့်အတည်ပြုပြဋ္ဌာန်းခဲ့ပြီး တပ်ဖွဲ့ကိုဖွဲ့စည်းခဲ့တယ်လို့သိရှိရပါတယ်။ ယင်းသို့ ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကြိုးပမ်းထမ်းဆောင်ခဲ့ ကြတဲ့အတွက် နိုင်ငံတော်နှင့် မိဘပြည်သူများအပေါ်ကျရောက်လာမယ့် အန္တရာယ်ဆိုးကြီးတွေက လွတ်မြောက်ခဲ့ကြတဲ့ သာဓကတွေရှိခဲ့ကြတယ်ဆိုတာ ဘယ်သူကမှ ငြင်းလို့မရတဲ့အချက်ပဲဖြစ်ပါတယ်။
နိုင်ငံတော်ကောင်စီခေတ်ကျော်လွန်ခဲ့ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ တပ်မတော်အစိုးရ လက်ထက်မှာလည်း ကြိုးပမ်းထမ်းဆောင်ခဲ့တာတွေရှိပါတယ်။ အသင်းအဖွဲ့ဆိုတဲ့နေရာမှာ မတစ်ရာ သားတွေကို စုစည်းဖွဲ့စည်းရတာမို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကောင်းတာတွေရှိခဲ့သလို၊ မကောင်းတာတွေလည်း အမှန်ရှိခဲ့ပါတယ်။ ခြောက်ပစ်ကင်းသဲလည်းစင် အားလုံးကောင်းတယ်ဆိုတာ ရှားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မကောင်းတဲ့အချက်တွေရှိပေမယ့် ကောင်းတဲ့အချက်တွေကိုတော့ မေ့ထားလို့မရဘူးဆိုတာကိုတော့ တင်ပြလိုပါတယ်။ အမှန်တင်ပြရရင်တော့ အဲဒီခေတ်ကာလမှာ ထောက်လှမ်းရေးတပ်ဖွဲ့ဟာ လွှတ်ထားတဲ့ငါးကြီး ချင်တိုင်းကြီးခဲ့တာတွေ့ရပါတယ်။ ပိုပြီးဆိုးရွား စေတာက တပ်ဖွဲ့ဝင်အချို့ဟာ အချို့နေရာတွေမှာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့ကြတဲ့အတွက် တပ်ဖွဲ့အပေါ်မုန်းတီးခဲ့ကြတာတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ တပ်မတော်အစိုးရလက်ထက်မှာတော့ အကြောင်းအမျိုးမျိုးတွေကြောင့် နိုင်ငံတော်ရဲ့လိုအပ်ချက်အရ အမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ၎င်းတို့နှင့် နယ်စပ်ဒေသမှာ အတူတွဲဖက်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အရပ်ဘက် ဆိုင်ရာဝန်ထမ်းများကိုပါ အရေးယူအပြစ်ပေးခဲ့ပြီး ထောက်လှှမ်းရေးဥပဒေကိုပါ ဖျက်သိမ်းခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဒီနေရာမှာ တင်ပြလိုတာကတော့ အရပ်ဘက်ဆိုင်ရာဝန်ထမ်းဆိုတာကတော့ တာဝန် ပေးရင်ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။ ပူးတွဲပြီး အရေးယူလိုက်တဲ့အတွက် အရပ်ဘက်ဝန်ထမ်းတွေ မှာတော့ နစ်နာမှုတွေရှိခဲ့ရပါတယ်။
ယနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေဆဲကာလမှာတော့ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ကဏ္ဍအသီးသီးအလိုက် အရေးယူ ထားတဲ့ ပြင်ပပုဂ္ဂိုလ်များကိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွေကိုပေးပါတယ်။ ပြည်ပမှာ ရောက်ရှိနေတဲ့ ပုဂ္ဂိုလ်များကို မိခင်နိုင်ငံသို့ ပြန်လာဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ မတူတာတွေကိုဖယ်ပြီး ပူးပေါင်းဆောင်ရွက် ကြဖို့တိုက်တွန်းခဲ့တာတွေကိုလည်း တွေ့ရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အထူးတင်ပြလိုတာကတော့ နိုင်ငံတော်ကို ဆန့်ကျင်နေတဲ့ပုဂ္ဂိုလ်တွေနဲ့ အချို့အဖွဲ့အစည်းဝင်တွေအပေါ်မှာတောင် နားလည် ခွင့်လွှတ်ပြီး ဘဝရပ်တည်မှုအတွက် ကြိုးပမ်းဆောင်ရွက်ပေးနေတာတွေလည်း တွေ့ရပါတယ်။ မိဘပြည်သူတော်တော်များများက ပြောခဲ့ကြပါတယ်။ ထောက်လှမ်းရေးမကောင်းကြောင်း၊ ဝန်ထမ်း များမကောင်းကြောင်းကို ပြောခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မကောင်းတဲ့သူတွေရှိသလို ကောင်းခဲ့ တဲ့သူတွေလည်း ညှာတာထောက်ထားရပါမယ်။ ဒါ့အပြင် နိုင်ငံတော်အပေါ်မှာ ဆောင်ရွက်ခဲ့တဲ့ ကြိုးပမ်းချက်တွေကိုလည်း ကြည့်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့တစ်တွေဟာ တစ်မြေတည်းနေ တစ်ရေတည်းသောက် ပြည်ထောင်စုလှေကြီးကိုစီးပြီး တစ်ခရီးတည်းကို အတူသွားနေကြတဲ့ သံသရာခရီးသည်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်စကိုရှည်စေ၊ မုန်းစကို တိုစေချင်ပါတယ်။ ဒါကြောင့် ကောင်းတဲ့အချက်တွေကို ကြည့်ကြရမှာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်းက ပြည်နယ်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့အခြေအနေကို ထောက်ရှုပြီး ထောက်လှမ်းရေးကဏ္ဍဟာ ပေါ့ဆနေလို့ မရဘူးဆိုတာကို အားလုံးသတိပြုကြဖို့ လိုအပ်ပါကြောင်း တင်ပြလိုပါတယ်။
နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေနှင့် အရပ်ဘက်ဆိုင်ရာဝန်ထမ်းများရဲ့ ဘဝရပ်တည်မှုစားဝတ်နေရေးကို ပြန်လည်စဉ်းစားပေးသင့်ပါ ကြောင်းတင်ပြလိုပါတယ်။ တပ်ဖွဲ့ဝင်တော်တော်များများနှင့် အရပ်ဘက်ဆိုင်ရာဝန်ထမ်းများဟာ ဘဝရပ်တည်မှုခက်ခဲပြီး စားဝတ်နေရေးခက်ခဲမှုရှိနေကြောင်း ကြားသိတွေ့မြင်နေရပါတယ်။ သို့ပါ၍ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့မှုအပေါ်ညှာတာသောအားဖြင့် နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးဖြစ်သော အမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့နှင့်အတူ ပူးတွဲတာဝန်ထမ်းဆောင်ခဲ့ကြသော အရပ်ဘက်ဆိုင်ရာဝန်ထမ်းများရဲ့ တရားဝင်ခံစားခွင့်ရှိသော ဆုငွေ၊ ပင်စင်တို့ကို ခံစားခွင့်ပေးသွားရန် အစီအစဉ်ရှိ၊မရှိ သိရှိလိုတဲ့အတွက် မေးမြန်းတင်ပြရခြင်း ဖြစ်ပါသည်။